စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ပုဏ္ဏားကျေးရွာကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ပြီး တရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝက်လက်မြို့နယ် လူသားစာနာတာဝန်ခံက “အဲဒီ ပုဏ္ဏားရွာမှာက ဝက်လက်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိပြီးတော့ အိမ်ခြေ ၈၀ ကျော်လောက် ရှိတယ်။ မနက် ၉ နာရီလောက်မှာ စိုင်နိုင်ကွေ့စခန်းထဲမှာ ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက ပုဏ္ဏားရွာထဲ ဝင်ပြီး ရွာခံတွေရဲ့ အိမ်တွေကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ကြတာပါ။ နောက်ပြီးတော့လည်း အဲဒီရွာကို တရက်တည်း ၇ ကြိမ် လေကြောင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ စစ်ကြောင်းမရှိတော့ပေမဲ့ လေကြောင်းရန်အန္တရာယ်ရှိနေသေးလို့ ရွာထဲကို မဝင်ရဲသေးတာကြောင့်မို့ ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေကို အတိအကျ မရသေးပါဘူး” လို့ ပြောပါတယ်။
စစ်တပ်ဟာ အဆိုပါ ပုဏ္ဏားကျေးရွာကို နိုဝင်ဘာ ၂၃ ရက်၊ မနက် ၁၀ ဝန်းကျင်မှာ တံတားဦး လေတပ်စခန်းကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် တစင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားခဲ့တာပါ။
နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း တံတားဦးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်တိုက်ယောဉ် ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊ စုစုပေါင်း ၇ ကြိမ် ပြုလုပ်သွားပါတယ်။
စစ်တပ်ဟာ အောက်တိုဘာလကုန်ပိုင်းကစပြီး ဝက်လက်မြို့ပေါ်မှာလည်း အင်အားတွေ တိုးမြှင့်ချထားသလို မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ မြေပြင်ကတေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝေဟင်ကနေ လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။
နိုဝင်ဘာ ၅ ရက်က စတင်ကာ ဝက်လက်မြို့ အနောက်ခြမ်းမှာရှိတဲ့ ရွာတော်ကုန်း၊ တမာကုန်း၊ တံတားဦး၊ ထုံးဘို၊ မူးကြီး၊ တံတားညီနောင် စတဲ့ကျေးရွာတွေနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိကြတဲ့ ကျေးရွာတွေက လူနေအိမ်တွေအပြင် စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင်က “ရန်သူစစ်ကြောင်းတွေက မြို့အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းမှာစစ်ကြောင်း ၄ ကြောင်းနဲ့ စစ်ကြောင်းထိုးနေပြီးတော့ တိုက်ပွဲတွေအတွင်းမှာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ရွာတွေက လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးနေသလို လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေတာပါ။ အဲဒီ စစ်ကြောင်းတွေနဲ့ကတော့ တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီးတော့ တချို့နေရာတွေမှာတော့ စစ်ရေးအခြေအနေ တင်းမာနေတာတွေရှိတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းတွေဟာ ဝက်လက်မြို့နယ်ထဲက ပုဏ္ဏားကျေးရွာအပြင် စိုင်နိုင်လေး၊ ရွှေကျင်၊ လှတော၊ ကျီးကန်(တ)၊ ကျီးကန်(မ)၊ ပင်းဇင်း၊ မူးကြီး၊ ထုံးဘို၊ တံတားဦး၊ လိန်ပင်၊ ခေါတော၊ မြင်တော်၊ ဦးတည်ကုန်း၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥယျာဥ်မ၊ ရွာသာကြီး၊ သရက်ကြီး နဲ့ ဘုရားပြန် စတဲ့ ကျေးရွာပေါင်း ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်။




