
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၃၁ တပ်ရင်းက ဒု-တပ်စိပ်မှူး တယောက် ကရင်နီတပ်ပေါင်းစုဆီမှာ အလင်းဝင်လာတယ်လို့ Karenni Army BA - 5 တာဝန်ရှိသူက နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ အလင်းဝင်ချင်တဲ့ တပ်စိတ်နဲ့ ကင်းပုန်းဝပ်နေတဲ့ အဖွဲ့တိုးပြီး အချင်းချင်း ပစ်ခတ်ကြရာကနေ လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။
KA BA-5 ပြန်ကြားရေးတာဝန်ရှိသူက “ဖရူဆိုကနေ ဘောလခဲကို ထိုးဆင်းတဲ့ စစ်ကြောင်းကနေ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျနော်တို့ဆီ ထွက်လာတာပါ။ ၇ ရက်နေ့က တပ်စိတ်တစိတ်လုံး ထွက်လာဖို့ လုပ်ကြတယ်။ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့ တိုးပြီး အချင်းချင်း ပစ်ခတ်ကြတော့ သူတယောက်တည်း လွတ်လာတယ် ပြောပါတယ်” လို့ ပြောပါတယ်။
ဒု-တပ်စိပ်မှူးက MA-1 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးကို ယူဆောင်လာခဲ့ပြီး ခုလက်ရှိမှာတော့ သူ့ကို လုံခြုံတဲ့နေရာမှာ ထားထားတယ်လို့ သိရပါတယ်။
နောက်ထပ် အလင်းဝင်ချင်သူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်တယ်လို့ KA BA-5 ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက ဖရူဆို အမှတ် ၁၄ လေ့ကျင့်ရေး သင်တန်းကျောင်းကနေတဆင့် ဘောလခဲဘက်ကို စစ်ကြောင်းထိုးဖို့အတွက် ပြင်ဆင်နေပြီး ခုလက်ရှိမှာ အမှတ် ၁၄ တပ်ကနေ နည်းနည်းကျော်လာပြီလို့ သိရပါတယ်။


