
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာအနီး ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရာ နေရာကို နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီလောက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းပြည့်ရွာ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တယောက်က “တံတားဦးတပ်က ဂျက်ဖိုက်တာနဲ့ ကြဲချသွားတာ။ ကြဲချတဲ့နေရာကို ဘယ်သူမှ ကယ်ဆယ်ရေး မလုပ်ရဲသေးဘူးဗျ။ ကြဲချသွားတာက ရွှေမျောတူးဖော်လုပ်နေတဲ့ ဖောင်တွေပေါ်ကို ကြဲချသွားတာဗျ။ စက်လက်နက်တွေနဲ့ ပစ်သွားတယ်”လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ရွာသားတွေနဲ့ ရွှေတူးသမားတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
ဒေသခံရွာသားတယောက်က “လေယာဉ်နဲ့ အပတ်များစွာပတ်ပြီး ဗုံးကြဲချတာ။ စက်လက်နက်နဲ့ လည်းပစ်တယ်။ ဘာကြောင့် ပစ်တာလဲဆိုတာ့ ရွှေမျောတွေ ဆက်တူးတာတွေရှိလို့ ထင်တယ်။ မနေ့ညကတော့ ရွှေမျောတွေ ထပ်တူးနေတဲ့အသံတွေတော့ကြားရတယ်။ အဲတာကြောင့် ကြဲချတာဖြစ်နိုင်တယ်။ ကျနော်တို့ သဘောထားကတော့ ဒီလောက်မလုံခြုံတဲ့နေရာကို ထပ်ပြီး ရွှေမျောလုပ်သူတွေ မလုပ်စေချင်တော့ဘူး။ အခုလည်း စစ်တပ်ရဲ့ ဗုံးကြဲချလို့ သေဆုံးသူတွေလည်း ရှိနိုင်တယ်။ လေယာဉ်နဲ့ ပစ်ခတ်နေတာကိုတော့ ကျနော်တို့ရွာဘက်ကနေ အတိုင်းသားမြင်နေရတယ်”လို့ ပြောပါတယ်။
လောင်းပြည့်ရွာကို နိုဝင်ဘာ ၂၂ ရက်ကလည်း ဂျက်တိုက်လေယာဉ် အပါအဝင် စက်တပ်လေထီးနဲ့ ပထမအကြိမ် တိုက်ခိုက်လို့ သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ အယောက် ၅၀ ထက် မနည်းရှိခဲ့ ပါတယ်။
အဆိုပါ လောင်းပြည့်ရွာအနီး ရွှေတူးဖော်မှုကို ဒေသခံပြည်သူတွေက လက်မခံဘဲ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။


