Home
မြန်မာသတင်း
ကျောက်တော်ကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၆ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ
DVB
·
November 28, 2025

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာနဲ့ အမှတ် ၃၇၇ အမြောက်တပ်စခန်းဟောင်းအနီးကို စစ်ကောင်စီက ဒီနေ့ နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် (မိန်းကလေး) တယောက်အပါအဝင် အရပ်သား ၆ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကြောင်ဖိုကျေးရွာနားက နန်တက်သိမ်ဘုရား၊ ကန်စောက်တောင်နဲ့ အမှတ် ၃၇၇ အမြောက်တပ်စခန်းဟောင်းအနီးတို့ကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကြောင်ဖိုရွာမှာ ကနဦး ၆ ဦးသေပြီး ၇ ဦးဒဏ်ရာရတယ်လို့ သိထားရတယ်။ စစ်ကောင်စီတပ်စခန်းဟောင်းနဲ့ တောင်ကြောတလျှောက်ကို ဗုံးကြဲသွားတာ။ အသေးစိတ်ကိုတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဂျက်ဖိုက်တာ တစီးနဲ့ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ကြောင်ဖိုရွာကို ဗုံးတလုံး၊ ၁၀ နာရီ ၅၃ မိနစ်မှာ ကန်စောက်တောင်ဝန်းကျင်ကို ဗုံးတလုံး ကြဲချတိုက်ခိုက်သွားတာဖြစ်ပြီး နေအိမ် ၄ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း ကြောင်ဖိုကျေးရွာ နန်းတက်သိမ်ဘုရားအနီးကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၂ ရက်ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ရွာ ပညာပန်းခင်း နဲ့ အမြင်သစ် ကိုယ်ပိုင်အထက် တန်းကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသား၊ ကျောင်း သူ ၂၀ သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်ဖြူနဲ့ ဂွမြို့နယ်တို့ကို ဆက်တိုက်ဗုံး ကြဲတိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေ စစ်ရေးသတိနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ အာရက္ခတပ်တော် (AA) က အသိပေးထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013