
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျွန်းတောကြီးတောတိုက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ ရက် မနက် ၁၀ နာရီခွဲမှာ ဗုံးကြဲချခဲ့လို့ ကလေးငယ် တယောက်အပါအဝင် ပြည်သူ ၃ ယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ ကျွန်းတောကြီးတောတိုက်ဟာ စစ်တပ်အထိုင်ချထားတဲ့ ကန့်ဒေါင့်ရွာ အနောက်ဘက်မှာရှိတဲ့ ပိတောက်ကုန်းရွာနဲ့ ကျီးပင်ရွာကြားမှာရှိတဲ့ တောတဲတွေကို ဗုံးကြဲချသွားတာလို့လည်း သိရပါတယ်။
ပုလဲဒေသခံတယောက်က “ကျွန်းတောကြီး တောတိုက်ဆိုတာ အရပ်အခေါ်ပေါ့ဗျာ။ ရွာမဟုတ်ဘူးဗျ။ တောတဲတွေ စုနေတဲ့ နေရာဗျ။ လေယာဉ်က ကျနော်တို့ရွာပေါ်က ဖြတ်ပျံပြီး အဲနေရာကို ချသွားတာ။ ကြဲချတာက ဗုံးသီးကြီး တလုံးတည်းပါဗျ။ တဲပေါ်ကို တည့်တည့်ကျပြီး ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်ဗျ။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိသလို ဘာစစ်ကြောင်းမှ မရှိဘူး။ အကြောင်းမဲ့ကို ကြဲချသွားတာပါ” လို့ ပြောပါတယ်။
စစ်တပ်က ဗုံးသီးကြဲချလို့ သေဆုံးသူ ၃ ယောက်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတယောက်လည်း ပါဝင်ပြီး ကျန် ၂ ယောက်ကလည်း လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ သာမန် အရပ်သားတွေ ဖြစ်ပါတယ်။
ပုလဲမြို့နယ် ပအဖ တာဝန်ရှိသူ ဦးတိုးဝေအောင်က “ပုလဲတောင်ပေါ်ကို ဗုံးကြဲတာ ရွာပေါ်တော့ မဟုတ်ဘူး။ ရွာအပြင်ဘက်ကို ကြဲချသွားတာ။ တောတဲတွေမှာနေတဲ့ အဘွားအိုတယောက်နဲ့ ကလေးငယ်တယောက်ကတော့ နေရာတင် သေဆုံးပြီး ကျန်တယောက်ကတော့ ဆေးကုသရင်း သေဆုံးတယ်ဗျ။ စုစုပေါင်း ၃ ဦး သေဆုံးတယ်။ ဒဏ်ရာရသူတချို့လည်း ရှိတယ်ဗျ။ စစ်တပ်ကိုတော့ ဘာမှ မပြောချင်တော့ပါဘူး။ သူတို့အုပ်ချုပ်လို့မရတဲ့ နေရာတွေဆိုရင် လူကို လွယ်လွယ်ကူကူ သတ်ဖြတ်နေတယ်။ လေကြောင်းကနေ ပြည်သူတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေ မခွဲခြားဘဲ ဗုံးကြဲချတာပဲ။ ဒါ သူတို့လုပ်နေကြ အလုပ်ပဲ။ အခုလို ဗုံးကြဲချလေလေ ကျနော်တို့ တော်လှန်ရေးအဖွဲ့နဲ့ ပြည်သူတွေက စစ်တပ်ကို အမြစ်ပြတ်အောင် တိုက်ချင်လေ ဖြစ်မှာပဲ။ ပြည်သူတွေအနေနဲ့လည်း လေကြောင်းအသိပေးချက်တွေကို အထူးဂရုပြု နားထောင်ပြီး ဘေးကင်းရာမှာ နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ အထိုင်စခန်းတခုဖြစ်တဲ့ ကန့်ဒေါင့်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က စခန်းသိမ်းပြီးချိန်ကစလို့ အင်အားအလုံးအရင်းနဲ့ မြေပြင်ထိန်းချုပ်နိုင်ဖို့ လေယာဥ်တွေနဲ့ အင်မထီးပျူရွာကနေ အင်အားဖြည့်တင်းပြီး ဝေဟင်၊ မြေပြင်နဲ့ ထိုးစစ်ဆင်ကာ ကန့်ဒေါင့်စခန်းကို ပြန်လည်သိမ်းယူသွားခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကျွန်းတောကြီးတောတိုက်ကို စစ်တပ်က တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ တိုက်ခိုက်သွားတာ ဖြစ်တယ်လို့လည်း မြေပြင် လေကြောင်းအန္တရာယ် စောင့်ကြည့်ရေး အဖွဲ့ထံကနေ သိရပါတယ်။


