
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ် အစပ်မှာရှိတဲ့ ချောင်းဆုံရွာနဲ့ ချောင်းမနားကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ နိုဝင်ဘာ ၃၀ ရက် ညနေ ၃ နာရီမှာ ဗုံးကြဲချခဲ့လို့ အရပ်သား ၄ ယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချောင်းဆုံရွာသားတယောက်က “ကျနော်တို့ ချောင်းဆုံရွာကတော့ လူနေအိမ်ပေါ်ကို တည့်တည့် ဗုံးသီးကျပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးကတော့ ခါးကနေ နှစ်ပိုင်းပြတ်ထွက် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်ဗျ။ အိမ်လည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
စစ်တပ်က ချောင်းဆုံရွာနဲ့ ချောင်းမနားရွာကို နမခ စစ်တပ်ကနေ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ တပြိုင်တည်း တချိန်တည်းမှာ လာရောက်ဗုံးကြဲချသွားတာလို့လည်း သိရပါတယ်။
ဒေသခံရွာသူတယောက်က “ကျမတို့ ချောင်းမနားရွာကတော့ ကနဦး နေရာတင်သေတာက အမျိုးသား ၃ ဦးပါ။ ၂ ဦးက ရွာခံတွေပေါ့၊ တဦးက ဧည့်သည်ပါ။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ။ သေဆုံးအတိအကျတော့ ဘာမှပြောမရသေးဘူး။ သေဆုံးသူတွေလည်း ထပ်ရှိနိုင်သေးတယ်” လို့ ပြောပါတယ်။
ချောင်းဆုံနဲ့ ချောင်းမနားကျေးရွာဟာ သီတင်းကျွတ်လပြည့်နေ့က ဆီမီးသပိတ်ကို စစ်တပ်က ဗုံးကြဲချလို့ သေဆုံးသူအများအပြားရှိခဲ့တဲ့ ဘုံတိုကျေးရွာအနီးက ကျေးရွာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်က ခင်မွန်ရွာဘက်ကနေ ကျီကုန်းရွာဘက်ကို စစ်ကား ၂ စီးနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ချောင်းဆုံရွာက ပြည်သူတွေဟာ နေရပ်စွန့်ခွာနေကြရပါတယ်။


