Home
မြန်မာသတင်း
အရက်မူး ရန်ဖြစ်ပြီး ဖိနပ်နှင့်ပေါက်ရာမှ ကြံ့ခိုင်ရေးဆိုင်းဘုတ် ပြဲသွားသဖြင့် လူ ၂ ဦးကို ဖမ်းဆီး
DVB
·
November 30, 2025

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်မှာ နိုဝင်ဘာ ၂၇ ရက်ည ၉ နာရီက အရက်မူးပြီး ရန်ဖြစ်ရင်း ဖိနပ်နဲ့ပေါက်လို့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ပြဲသွားတာကြောင့် လူ ၂ ယောက်ကို စစ်ကောင်စီလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

အရက်မူးနေသူ ၂ ယောက် ရန်ဖြစ်ရင်း ဖိနပ်နဲ့ပစ်ပေါက်တာမှာ အနားက ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို ထိပြီးပြဲသွားတဲ့အတွက် ကြံ့ခိုင်ရေးပါတီဝင်တွေက ရဲစခန်းကို အကြောင်းကြားပြီး ဖမ်းခိုင်းလိုက်တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“အရက်သမားနှစ်ယောက် စကားများပြီး ဖိနပ်နဲ့ပေါက်လိုက်တာ၊ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ပြဲသွားတယ်။ မတော်တဆဖြစ်တာကို ကြံ့ခိုင်ရေးပါတီဝင်တွေက ရဲစခန်းကို ဖုန်းဆက်ပြီး ဖမ်းခိုင်းတာ။ မကြာဘူး၊ ရဲတွေရောက်လာပြီး ဖမ်းသွားတယ်” လို့ ပြောပါတယ်။

အဲဒီလူ ၂ ယောက်ကို နိုဝင်ဘာ ၂၈ ရက်မှာ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းသန်းက ကြည့်မြင်တိုင် ရဲစခန်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“တကယ်ဖျက်ဆီးချင်တဲ့စိတ်နဲ့လုပ်လို့ အမှုဖွင့်ရင် တော်သေးတယ်။ မတော်မဆဖြစ်တာ။ အဲဒီလိုဖြစ်သွားတဲ့အတွက် မိသားစုဝင်တွေကပါ တောင်းပန်တယ်။ ဆိုင်းဘုတ်ဖိုးလည်း လျော်ပေးပါ့မယ် ဆိုတာ မရဘူး။ ပါတီဝင်တွေက မသိရင်တောင် ကိုယ်စားလှယ်က နားလည်ပေးရမှာပေါ့။ ဒါကို ကိုယ်စားလှယ်လောင်းကိုယ်တိုင် ရဲစခန်းမှာ အမှုလာဖွင့်တယ်။” 

နိုဝင်ဘာ ၂၆ ရက်ကလည်း ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်မှာ ကြံ့ခိုင်ရေးမဲဆွယ်ဆိုင်းဘုတ်လဲကျလို့ ရယ်မောမိသူ အသက် ၆၀ အရွယ် သက်ကြီးပိုင်းအမျိုးသားတယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီက ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားသူ အသက် ၁၆ ကနေ ၆၀ ကျော်အရွယ်အထိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်ရှိပါတယ်။

စစ်ကောင်စီဟာ သူတို့လုပ်မယ့်ရွေးကောက်ပွဲကို ကာကွယ်ဖို့ ဥပဒေထုတ်ပြီးနောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးအကူနဲ့ ဆိုင်ကယ်တိုက်မိပြီး လက်သီးနဲ့ထိုးခဲ့သူ၊ ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်တဲ့သူ၊ အကြောင်းအမျိုးမျိုးနဲ့ မဲဆွယ်ဆိုင်းဘုတ်ပျက်စီးစေခဲ့သူတွေကိုလည်း ဖမ်းဆီး ထောင်ချနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013