
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာနားမှာ စစ်တပ်က လှီးဖြတ်သတ်ထားခဲ့တဲ့ ပြည်သူအလောင်းကို ဒေသခံတွေက နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြိုင်မြို့နယ် အညာမြေအရပ်ဖက် အဖွဲ့အစည်းဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့က စက်မှု ၂ ကနေ ထွက်လာတဲ့ စစ်ကြောင်းတွေက သတ်ဖြတ်သွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြိုင်မြို့နယ် အညာမြေအရပ်ဘက် အဖွဲ့အစည်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ပြည်သူအလောင်းက ညောင်ရွာကျေးရွာအနီး တောတိုက်မှာ စစ်ရှောင်နေသူပါဗျ။ အမည်က ကိုငသိန်း ဆိုသူဖြစ်ပါတယ်။ အသက်က ၃၃ နှစ်။ ဇာတိက ညောင်ရွာကျေးရွာဇာတိပါ။ ကျနော်တို့ အဲဒီအလောင်းကို မြေရင့်ရွာနဲ့ နှမ်းဆီကန်ရွာအကြား တောထဲမှာ ဝမ်းဗိုက် ထိုးသွင်း ဒဏ်ရာနှစ်ချက်၊ လည်ပင်းလှီးဖြတ်ဒဏ်ရာများနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ထားတာကို တွေ့ရှိခဲ့ရတာပဲ” ပြောပါတယ်။
ကိုငသိန်းရဲ့ အလောင်းတွေ့တဲ့နေရာနဲ့ တမိုင်လောက်အကွာမှာလည်း ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာ ဇာတိဖြစ်သူ အမျိုးသားရုပ်အလောင်းတခုကို ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြန်ကြားရေးတာဝန်ရှိသူက “နောက်ထပ် သေဆုံးသူအလောင်းတလောင်းလည်း ထပ်မံ တွေခဲ့ရသေးတယ်။ သေဆုံးသူအနီးကနေ မှတ်ပုံတင်တခုလည်း တွေခဲ့ရတယ်ဗျ။ အဲဒီ မှတ်ပုံတင် အချက်အလက်တွေအရ မောင်ဇော်မင်းခိုင် ဆိုသူပါ။ အောင်သာကျေးရွာမှ ပျူစောထီးတဦးဖြစ်မယ်လို့ ယူဆရပါတယ်” လို့ ဆက်ပြောပါတယ်။
စစ်တပ်က မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဖြန့် ထိုးစစ်ဆင် နေတာကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်က “စစ်တပ်က ဖမ်းခေါ်သွားပြီး သတ်ထားခဲ့ကြတာ။ ဒီကိစ္စနဲ့ပက်သက်ပြီး ဒေသခံတဦးအနေနဲ့ကတော့ ဘယ်လိုမြင်လဲ ဆိုတော့ စစ်တပ်က တောရွာမှာနေတဲ့ ပြည်သူတွေကို သတ်ဖြတ်ပြပြီး အကြောက်တရားနဲ့ မြို့ပေါ်ကို လူစုခိုင်းနေတာလို့ပဲထင်တယ်။ ပြည်သူတွေ မြို့ပေါ်ရောက်လာမှ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးခိုင်းတာတွေလုပ်ခိုင်းချင်လို့ အခုလိုလုပ်တယ်လို့မြင်မိတယ်။ နောက်တချက်က သူတို့ ရေနံမှော်အများစုကို ပြန်လိုချင်တယ်နေတဲ့ သဘောလည်းပါတယ်။ ဘာပဲဖြစ်နေ ဖြစ်နေ စစ်ကောင်စီ စစ်ကြောင်းလာရင်တော့ ဘေးလွတ်ရာကို ရှောင်ကြပါလို့ပဲ ပြောချင်တယ်” ပြောပါတယ်။
အဲဒီ စစ်ကြောင်းဟာ အခုလက်ရှိအချိန်မှာ ပခုက္ကူ တပ်မ ၁၀၁ ထဲကို ပြန်လည်ဝင်ရောက်သွားပြီလို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ စက်တင်ဘာလကုန်ပိုင်းပြီး မြိုင်မြိုနယ်နဲ့ ပေါက်မြို့နယ်ထဲကို စစ်ကြောင်းထိုး နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေပါတယ်။


