
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့မှာ ငွေကျပ် သန်း ၁၅,၀၀၀ ကျော် တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန်ကျော် ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုအဖွဲ့(CCDAC)က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၁၆ ရက်ညပိုင်းက လွိုင်လင်မြို့၊ ရပ်ကွက် ၂၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းမှာ တင်မျိုးထွန်း မောင်းနှင်ပြီး ဇော်ဂွန်း လိုက်ပါလာတဲ့ NISSAN ၆ ဘီးကားကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ပြီး ကားပေါ်ကနေ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၁၁၇ တန်(ဒေသတန်ဖိုးငွေကျပ် သန်း ၁၅,၆၃၈) ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ အိုက်စ်တွေကို ရန်ကုန်ကိုသယ်တာဖြစ်ပြီး သယ်ဆောင်ခိုင်းသူဟာ လားရှိုးမြို့နေ မာဒီး(ခ)ဂွန်ဂျာအောင် နဲ့ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနေ တန်ဂွန်းတို့ဖြစ်ပြီး သူတို့ကိုတော့ ဖမ်းမမိသေးဘူးလို့လည်း ဆိုပါတယ်။
ပုံမှန်အားဖြင့်တော့ ပမာဏများတဲ့ မူးယစ်ဆေးတွေဖမ်းမိရင် ဆက်စပ်သူတွေကိုပါဖမ်းဆီးမိဖို့အတွက် သတင်းကို နောက်ကျမှထုတ်ပြန်လေ့ရှိပြီး အခုတော့ သတင်းကို နောက်ကျထုတ်ပြန်လာပေမဲ့ ဆက်စပ်သူတွေကို ဖမ်းမမိသေးပါဘူး။
နိုဝင်ဘာ ၆ ရက်ကလည်း မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာ ငွေကျပ် သန်း ၈,၉၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းမိသေးတယ်လို့ နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။


