Home
မြန်မာသတင်း
ရန်ကုန်တွင် CP ကြက်သားဈေး ဆက်တိုက်မြင့်တက်
DVB
·
November 19, 2025

ရန်ကုန်မြို့မှာ အောက်တိုဘာလကစလို့ ကြက်သားဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာပြီး CP ကြက်သား အကောက်လိုက် တပိဿာကို ၂၅,၀၀၀ ကျပ်ထိ ဈေးမြင့်လာပါတယ်။

ဒီလို ဈေးတက်လာတာက ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ကြက်မွေးမြူရေး လုပ်ကိုင်သူတွေက ဆိုပါတယ်။

အစာဈေးတက်တာ၊ သယ်ယူစရိတ်နဲ့ အထွေထွေစရိတ်တွေ တက်လာတာကြောင့် ကြက်မွေးမြူသူတွေ လျော့နည်းလာပြီး ဈေးကွက်ထဲမှာ ထုတ်လုပ်နိုင်တဲ့ ပမာဏလည်း လျော့ကျလာတယ်လို့ သိရပါတယ်။

အောက်တိုဘာ ပထမပတ်မှာ တပိဿာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့တဲ့ အသားတိုးကြက်ခြံဖမ်းဈေးကလည်း နိုဝင်ဘာလ ပထမပတ်မှာ ၁၆,၃၅၀ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက်မှာတော့ ၁၃,၃၅၀ ကျပ်ဝန်းကျင်အထိ အနည်းငယ် ပြန်ကျလာပေမဲ့ လက်လီဈေးကတော့ ပြန်မကျသေးပါဘူး။

လတ်တလော စားသုံးသူ လက်လီဈေးကွက်အတွင်းမှာ ကြက်သားဈေးက ပေါင်တပိဿာကို ၂၆,၀၀၀ ကျပ်၊ ရင်ပုံသား တပိဿာကို ၃၀,၀၀၀ ကျပ်အထိ မြင့်တက်နေတာကြောင့် နေထိုင်စားသောက်စရိတ်တွေ မြင့်တက်နေလို့ ဝင်ငွေနဲ့ထွက်ငွေ မမျှဖြစ်နေရတဲ့ ပြည်သူတွေ အနေနဲ့ကတော့ အသားဝယ်ယူစားသုံးဖို့ ပိုမိုခက်ခဲလာပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “ကြက်သားတင်မဟုတ်ဘူး အသားငါး အကုန်ဈေးတက်နေတာပါပဲ။ တနေ့ တဈေးကို ဖြစ်နေတာ။ ခေါင်းနဲ့ အရိုးတောင် ဝယ်စားနိုင်ဖို့ မလွယ်တော့ဘူး” လို့ ပြောပါတယ်။

လက်လီကြက်သားဈေးတွေ အဆမတန်မြင့်တက်နေပေမဲ့ ကြက်မွေးမြူသူတွေ ရောင်းချနေတဲ့ ကြက်ခြံဖမ်းဈေးနှုန်းတွေကတော့ လက်ရှိမှာ အသားတိုးကြက် တပိဿာကို ၁၂,၅၀၀ ကျပ်ကနေ ၁၃,၃၅၀ ကျပ်သာရှိပြီး တခြားကြက်အမျိုးအစားတွေဖြစ်တဲ့ ဆီမီးကြက်က တပိဿာကို ၁၅,၅၀၀ ကျပ်၊ ကြက်နီမက တပိဿာကို ၁၄,၀၀၀ ကျပ်ရှိပြီး ဗမာကြက်(ကြီး)အမျိုးအစားက တပိဿာကို ၁၉,၀၀၀ ကျပ် ရှိပါတယ်။

ဒိုင်ရောင်းဈေးတွေကတော့ အသားတိုးကြက် တပိဿာကို ၁၃,၅၀၀ ကျပ်ကနေ ၁၄,၃၀၀ ကျပ်၊ တခြားကြက်အမျိုးအစားတွေဖြစ်တဲ့ ဆီမီးကြက်က တပိဿာကို ၁၆,၅၀၀ ကျပ်၊ ကြက်နီမက တပိဿာကို ၁၅,၀၀၀ ကျပ်ရှိနေပြီး ဗမာကြက်(ကြီး)အမျိုးအစားက တပိဿာကို ၂၅,၀ဝဝ ကျပ် ရှိပါတယ်။

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း MEOMA ကတော့ တိရစ္ဆာန်အစာအဖြစ်သုံးတဲ့ ဆီကြိတ်ဖတ်တွေ ဈေးတက်မှုကြောင့် အများပြည်သူ နေ့စဉ် ဝယ်ယူစားသုံးနေတဲ့ အသား၊ ငါး၊ ဥနဲ့ နို့ဈေးတွေ မြင့်တက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက သတိပေးချက် ထုတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013