
ရန်ကုန်မြို့မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်တဲ့ လုပ်ငန်းတချို့က မလိမ့်တပတ်နဲ့ အလုပ်သမား ခေါ်ယူစုဆောင်းနေတာတွေ များလာတယ်လို့ အလုပ်ရှာနေသူတွေနဲ့ အဲဒီအခြေအနေကို သတိထားမိသူတချို့ဆီက သိရပါတယ်။
ကျားဖြန့်လုပ်ငန်းတချို့က အလုပ်တာဝန် ရေရေရာရာ ဖော်ပြတာမျိုးမရှိဘဲ မက်လောက်စရာ လစာ၊ ကော်မရှင်ခံစားခွင့်တို့နဲ့ စွဲဆောင်ထားပြီး ကုမ္ပဏီဝန်ထမ်းအလုပ် ဆိုတာမျိုးလောက် ချပြ အသိပေးကာ အလုပ်ခေါ်တာတွေ ရှိနေတာလို့ ကိုယ်တိုင် အလုပ်သွားလျှောက်ဖူးတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသားတယောက်က ပြောပါတယ်။
“အလုပ်ရှာနေတာဆိုတော့ အလုပ်ခေါ်စာတွေ အမြဲရှာကြည့်ဖြစ်တယ်။ ကျားဖြန့်က အလုပ်သမား ခေါ်တဲ့ ကြော်ငြာမျိုးက တခြား အလုပ်ခေါ်တဲ့ဟာတွေနဲ့ ကွာတယ်။ ဝင်လုပ်ချင်လောက်အောင် ခံစားခွင့် ပေးထားတတ်တာ။ ကိုယ်တိုင် နှစ်ခုလောက် လျှောက်ဖူးတယ်။ ဝင်တော့မလုပ်ဖြစ်ဘူး။”
ကျားဖြန့်လုပ်ငန်းတွေက များသောအားဖြင့် အလုပ်လျှောက်မယ့်သူမှာ ကွန်ပျူတာ အသုံးပြုတတ်ရမယ်လို့ အဓိကသတ်မှတ်ထားတတ်ကာ လုံခြုံရေးကင်မရာ (CCTV) စောင့်ကြည့် မှတ်တမ်းယူဖို့၊ အော်ဒါစာရင်းမှတ်တာတွေ လုပ်ဖို့၊ ရုံးစာရင်းအချက်အလက် ကိုင်တွယ်ဖို့၊ အော်ဒါအသစ်ရှာဖို့ စတဲ့ လုပ်ငန်းပိုင်းတွေမှာ အလုပ်သမား လိုနေတာ ဆိုတဲ့ ကြော်ငြာကို လူမှုကွန်ရက် ပလက်ဖောင်းတွေကနေ ဖြန့်ပြီး ရှာဖွေစုဆောင်းတာတွေ ရှိနေတာ ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းတွေအနေနဲ့ မနက် တဆိုင်း၊ ည တဆိုင်း ခွဲပြီး လည်ပတ်နေတာဖြစ်လို့ နေဖို့ အဆောင်နဲ့ စားရေးသောက်ရေးအတွက် စီစဥ်ပေးထားတာမျိုး ရှိသလို အများစု အချက်အချာကျတဲ့ ကွန်ဒို၊ အဆင့်မြင့်အိမ်ရာတို့လို နေရာတွေမှာ ငှားရမ်းလုပ်ကိုင်နေတာလို့ အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်ဖူးသူတချို့က ဆိုပါတယ်။
ရန်ကုန်မြို့မှ အိမ်စီးကားနဲ့ အငှားလိုက်သူတယောက်က “ကျားဖြန့်အဖွဲ့တဖွဲ့ထဲက တယောက် ကားခေါ်ခေါ်သုံးဖူးလို့ သူတို့လုပ်ငန်းကိစ္စ တစွန်းတစ သိရတာ။ သွားတဲ့ဆီ လိုက်ပို့ရင်း သူတို့ အလုပ်ရှိတဲ့နေရာ တချို့တလေဆီ ရောက်သွားတာမျိုး ရှိတယ်။ ရန်ကုန်မှာ အဲဒီလုပ်ငန်းတွေ တော်တော်ရှိနေမယ်လို့ကို မထင်ခဲ့တာ” လို့ ပြောပါတယ်။
အဲဒီလုပ်ငန်းတွေက အလုပ်သမားတွေ မက်လောက်တဲ့ လစာပမာဏနဲ့ အပိုခံစားခွင့်တွေ ပေးမယ်လို့ စွဲဆောင်ခဲ့ပေမဲ့ လက်တွေ့မှာ လျာထားချက်ပြည့်အောင် မလုပ်နိုင်လို့ ဆိုတဲ့ အကြောင်းပြချက်အပြင် တခြားပြစ်ချက်တွေပါ ရှာပြီး ပေးရမယ့်လုပ်ခ မဆိုသလောက်ဘဲ ကျန်တဲ့အထိ ဒဏ်ကြေးဖြတ်တဲ့ ခေါင်းပုံဖြတ် စေခိုင်းတာတွေ ရှိတယ်လို့ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းမှာ လုပ်ခဲ့သူတွေက ဖွင့်ဟပြောထားတာ ရှိပါတယ်။
ဒါ့အပြင် ကျားဖြန့်ထဲမှာ ဝင်လုပ်ပြီးရင် အလွယ်ပြန်ထွက်မရအောင် ခြိမ်းခြောက်၊ ဟန့်တားတဲ့ လုပ်ရပ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေအနေနဲ့ မူလက နှစ်နိုင်ငံနယ်စပ်တွေမှာ အထိုင်ချထားကြတာ ဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိအားပေး၊ အရေးယူမူတွေကြောင့် ခြေရာဖျောက် ရွှေ့ပြောင်းသွားကြသလို ရန်ကုန် အပါအဝင် မြို့ကြီးတွေထဲ စိမ့်ဝင်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။


