
ရန်ကုန်-မော်လမြိုင် လမ်းပိုင်း သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား မိုင်တိုင် ၁၂၅/ ၁၈-၁၉ ကြားမှာ အမှတ် ၆၈၆ အစုန်ရထား ဖြတ်သန်းချိန် ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက မိုင်းခွဲခံရပြီး ရထားသံလမ်းပျက်စီးကာ ရထားတိမ်းမှောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရထားသံလမ်း မိုင်းခွဲခံရတာကြောင့် သံလမ်း ၂ ဆက်ခန့် ပျက်စီးသွားပြီး အမှတ် ၆၈၆ အစုန်ရထား စက်ခေါင်း အပါအဝင် တွဲ ၄ တွဲ လမ်းချော်သွားတာကြောင့် လမ်းကို အသုံးပြုလို့ မရတော့ဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မိုင်းခွဲခံရတာ ဟုတ်ပါတယ်။ ဘယ်အဖွဲ့ကလုပ်တယ် ဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး။ ရထားလမ်းပျက်သွားလို့ ရန်ကုန်-မော်လမြိုင် အစုန်၊ အဆန် ရထားတွေ ရပ်ထားရတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မော်လမြိုင်ဘူတာကြီးကနေ ထွက်ခွာမယ့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနဲ့ ရန်ကုန်ဘူတာကြီးကနေ ထွက်ခွာမယ့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် ၂ ခုကို ယာယီဖျက်သိမ်းထားပြီး ဝယ်ယူထားပြီးတဲ့ ရထားလက်မှတ်ခတွေကို မော်လမြိုင်ဘူတာကြီးမှာ နေ့ချင်းပြန်ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရထားလမ်း မိုင်းခွဲခံရတာ ဟုတ်တယ်။ ဘာကြောင့် လုပ်ဆောင်တာလဲ ဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူး။ အရင်ကတော့ စစ်ကောင်စီက ကားလမ်းပိုင်းကနေ မော်တော်ယာဉ်တွေ မသုံးဘဲနဲ့ ရထားလမ်းကနေ လက်နက်၊ ခဲယမ်း၊ ရိက္ခာပေါ့၊ လူအင်အားပေါ့ ပို့ဆောင်နေတာတော့ သိထားရတယ်။ အဲဒါကြောင့်မို့လို့ ဒီလမ်းပိုင်းကို ဖောက်ခွဲတယ်လို့ ထင်တယ်။ ဘယ်အဖွဲ့လုပ်တယ်ဆိုတာ အတိတကျ မသိရသေးဘူး။ အတည်ပြုချက် မရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ ရန်ကုန်ဘူတာကြီးကနေ လူအင်အား၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေကို တင်ဆောင်ပြီး မော်လမြိုင်ကနေ ရေးမြို့နဲ့ ကောကရိတ် အာရှလမ်းပိုင်းဘက်ကို ပို့ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။


