
တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၄ ရက် မနေ့ညက ရန်ကုန်တိုင်း ရွှေပေါက်ကံ၊ မြောက်ဒဂုံ၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်တွေမှာ ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီခွဲက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ ပုဂံလမ်းမကြီး၊ ဆင်ဖုံကွေမှတ်တိုင်နားမှာ ကားပေါ်ကကြဲချတဲ့ ပိုက်ဆံကောက်ရင်း အသက် ၇ နှစ်အရွယ် ကလေးငယ်တယောက် လက်ကို ကားကြိတ်သွားတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“မနေ့ညက ပုဂံလမ်းပေါ်မှာ ပံ့သကူလိုက်ကောက်တဲ့လူက အတော်များတာ၊ ဆင်ဖုံကွေမှတ်တိုင်နားမှာ ကားပေါ်က ပိုက်ဆံကို လိုက်ကောက်တဲ့ ကလေးတယောက်ကို လက်ကို ကားကြိတ်သွားတယ်။ မိဘတွေပါလို့ တော်သေးတယ်။ အဲ့ကလေးကို ဘေးတွဲငှားပြီး ဆေးရုံခေါ်သွားတယ်။ ရွှေပေါက်ကံမှာ ပိုက်ဆံကြဲတဲ့သူတွေရော ပုဆိုးတွေ အင်္ကျီတွေ ကြဲတဲ့သူရော ရှိတယ်။”
မြောက်ဒဂုံတံတားအဆင်းမှာ မနေ့ည ၉ နာရီခွဲက ကားပေါ်ကနေ ကြဲချတဲ့ ပိုက်ဆံလုရင်း အသက် ၃၀ အရွယ် အမျိုးသားတယောက် ဆိုင်ကယ်အတိုက်ခံကာ ခေါင်းကွဲသွားသလို ဆိုင်ကယ်မောင်းသူလည်း လက်ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“တံတားပေါ်က ဆင်းလာတဲ့ကားက ပိုက်ဆံတွေကြဲလို့ ဝိုင်းလုကြတာ၊ အနောက်ကလာတဲ့ ဆိုင်ကယ်က ရှောင်လို့မရတော့ တိုက်မိသွားတာ။ လုနေတဲ့အထဲက တံတားရဲ့ ကွန်ကရက်ဘောင်နဲ့ ရိုက်မိပြီး ခေါင်းကွဲသွားတယ်။ ဆိုင်ကယ်သမားလည်း တံတောင်ဆစ်မှာ ပွန်းပဲ့ဒဏ်ရာနဲ့ သွေးတွေချည်းပဲ။ အဲဒီနားကသူတွေပဲ ဆေးရုံလိုက်ပို့ပေးကြတယ်။”
အလားတူ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စျေးအနီးမှာ ပံ့သကူလိုက်ရှာတဲ့ သားအမိ ၂ ယောက် ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရခဲ့သလို သာကေတမြို့နယ်မှာ ပံ့သကူကောက်ရင်း အမျိုးသားတယောက် ပွန်းပဲ့ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရာ နေပြည်တော်၊ ပျဥ်းမနားမြို့မှာလည်း အသက် ၅၀ အရွယ် အမျိုးသားတယောက်နဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တယောက် ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ထားရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ပံ့သကူကောက်ရင်း ယာဉ်တိုက်မိလို့ သေဆုံးသူ ၉ ယောက်ရှိပြီး ၃ ယောက် ဒဏ်ရာရခဲ့ကြောင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။




