
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြန်မာနိုင်ငံက မြို့ကြီးတွေမှာ နိုဝင်ဘာ ၁ ရက်ကစပြီး ဝိုင်ဖိုင်လိုင်းတွေနဲ့ မိုဘိုင်းအင်တာနက်လိုင်းတွေ ကျဆင်းနေခဲ့ပြီး နိုဝင်ဘာ ၄ ရက်အထိ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးလို့ သုံးစွဲသူတွေ အခက်ကြုံနေကြပါတယ်။
ဝိုင်ဖိုင်တွေ လိုင်းကျဆင်းတာဟာ နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းထဲက စဖြစ်ခဲ့တာဖြစ်ပြီး ၄ ရက်ကြာလာတဲ့အထိ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးတာပါ။
ဒါ့ကြောင့် မိုဘိုင်းအင်တာနက်ကို ပြောင်းလဲသုံးနေရပေမဲ့ လိုင်းတွေ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတယ်လို့လည်း ပြည်သူတချို့က ပြောပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဖုန်း reviewer တယောက်က “အဲဒီနေ့တည်းက လိုင်းတွေက ကျသွားတာ။ ဘာမှ လုပ်မရဘူး။ VPN မသုံးရတဲ့ဟာတွေလည်း သုံးမရဘူး။ ဒီနေ့မနက်ပိုင်းအထိ ပြန်မကောင်းသေးဘူး။ ဗီဒီယိုတွေ ရိုက်ထားတာတွေ ရှိတယ်။ လိုင်းမကောင်းတော့ တင်မရသေးဘူး” လို့ ပြောပါတယ်။
ရန်ကုန်မြို့နဲ့ အလားတူ မန္တလေး၊ နေပြည်တော် အပါအဝင် တခြားမြို့တွေမှာလည်း ဝိုင်ဖိုင်လိုင်းတွေ ကျဆင်းနေတာပါ။
အခုလို လိုင်းတွေ ကျဆင်းနေတာကြောင့် အွန်လိုင်းကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအတွက် အခက်အခဲတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
နေပြည်တော်က အွန်လိုင်းရှော့ပင်း ပြုလုပ်သူတယောက်က “အဓိကက လိုင်းပေါ်ကနေတဆင့်ပဲ ရောင်းချနေကြရတာလေ။ ဝိုင်ဖိုင်တွေ မကောင်းတော့ ဖုန်းအင်တာနက်သုံးပြီး လုပ်နေရတာ။ အခု ဖုန်းအင်တာနက်တွေလည်း သိပ်မကောင်းတော့ဘူး။ အဲဒီတော့ အလုပ်တွေ ရပ်ထားရသလို ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
အခုလို ဝိုင်ဖိုင်လိုင်းတွေ ကျဆင်းနေရတာနဲ့ ပတ်သက်ပြီး အော်ပရေတာတွေက ဆာဗာ ကျဆင်းနေတာကြောင့် ပြန်လည်ပြုပြင်နေရတယ်ဆိုပြီး အကြောင်းပြချက် ပေးထားပေမဲ့ ဘယ်အချိန် ပြန်ကောင်းမယ် ဆိုတာကိုတော့ အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။




