
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်အလုံး ၃၀၀ ကျော်ကို အောက်တိုဘာ ၃၀ ရက်က စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ နေစရာအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
ကျောင်းတက်နေတဲ့ ကလေးငယ်တွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေ ရှိတာကြောင့် ခေတ္တဆိုင်းငံ့ပေးဖို့ မန္တလေးတိုင်း တာဝန်ရှိသူတွေကို စာတင်ခဲ့ပေမဲ့ စစ်တပ်နဲ့ စည်ပင်တွေက မနေ့ကစပြီး ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့တာလို့ အိမ်ဖျက်ခံရသူက ပြောပါတယ်။
“ကျောင်းတက်နေတဲ့ကလေးရော ကျန်းမာရေးမကောင်းတဲ့သူတွေရော ရှိလို့ အိမ်ရှာဖို့ ၁ လ ၂ လလောက် စောင့်ပေးပါဆို တိုင်းအစိုးရကို စာတင်တယ်။ စစ်တပ်က လက်မခံဘူး၊ သစ်အိမ်ဆို လူအင်အားနဲ့ ဖျက်တယ်။ တိုက်အိမ်ဆို ဘူဒိုဇာနဲ့ထိုးတယ်။ သူတို့ဖျက်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး ရင်ထဲမှာ ဗလောင်ဆူတယ်။ မျက်ရည်လည်းကျတယ်။ အိမ်တလုံးဖြစ်ဖို့ ၁၀ နှစ်လောက် ကြိုးစားခဲ့ရတာ။ စစ်တပ်ကဒုက္ခပေးလိုက်တာ အိမ်ပိုင်ဘဝကနေ အိုးမဲ့အိမ်မဲ့ဘဝနဲ့ လမ်းဘေးရောက်သွားတယ်။”
ငွေတော်ကျီကုန်းရပ်ကွက် အကွက်အမှတ် ၁၅၆-က၊ ၁၅၆-ခ နဲ့ ၅၁၆-က မှာ နေထိုင်တဲ့ အိမ်ခြေ ၃၀၀ ကျော်ကို အောက်တိုဘာ ၉ ရက် နောက်ဆုံးထားဖျက်ဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက စာပို့ခဲ့တာလို့ အိမ်ဖျက်ခံရတဲ့ နောက်တယောက်က ပြောပါတယ်။
“ကျနော်တို့နေတဲ့ အကွက်တွေက ကျပ်သိန်းထောင်ချီ၊ သောင်းချီတန်နေတော့ လုပ်ငန်းရှင် သူဌေးတိုင်း လိုချင်တယ်။ နေလာတာ အနှစ် ၃၀ ကျော်ပြီ။ အမေစုလက်ထက်က ထုတ်ပေးတဲ့ စမတ်ကတ်ပြတော့ အဲဒါတွေက ဘောင်မဝင်တော့ဘူးလို့ ပြောတယ်။ ဘယ်လိုမှ ရှင်းပြလို့မရဘူး၊ ညှိနှိုင်းတာလည်းမရှိဘူး၊ အကုန်ဖျက်ပြီးပြီ။”
၂၀၂၄ ခုနှစ် စက်တင်ဘာလက ငွေတော်ကျီကုန်းရပ်ကွက်ကို မန္တလေးက လုပပ်ငန်းရှင် သူဌေးတယောက် ရောက်လာပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ နေအိမ်ဖျက်ဖို့ မြိုနယ်စည်ပင်က စတင်လုပ်ဆောင်ခဲ့တာလို့ အိမ်ဖျက်ခံရသူတွေဆီက သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်စည်ပင်က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ငွေတော်ကျီကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်အလုံး ၃၀၀ ကျော်ကို ကျူးကျော်နေထိုင်သူတွေလို့ သတ်မှတ်ပြီး ဖျက်ပြီး ပြောင်းပေးဖို့ အောက်တိုဘာ ၁ ရက်အထိ နို့တစ်စာ ၃ ကြိမ် ပေးခဲ့ပါတယ်။




