
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ထဲက လမ်းကြောင်းတွေကိုသုံးပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ စွန့်ခွာလာတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူတာတွေ မလုပ်ဖို့ အပါအဝင် အရေးပေါ်ထုတ်ပြန်ချက်တခုကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကျုံဒိုးမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၅ ရက်စွဲနဲ့ ဒေသန္တရစည်းမျဉ်းစည်းကမ်း အရေးပေါ် ထုတ်ပြန်ကြေညာချက်အဖြစ် ထုတ်ပြန်လာတာဖြစ်ပြီး စစ်တပ်ဟာ သူတို့တရားဝင်မှုရရှိရေးအတွက် အကြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေသလို KNU အနေနဲ့လည်း ခုခံတော်လှန်နေပြီး လက်ရှိကာလမှာ စစ်ရေးတင်းမာမှု ပြင်းထန်နေတာကြောင့် KNU ကျုံဒိုးမြို့နယ်ဟာ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုမျိုးစုံကို ကိုင်တွယ်ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေကို ဟန်ပြနှိမ်နင်းနေသလို အဲဒီလုပ်ငန်းတွေကနေ စွန့်ခွာလာတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေကို ပုံစံအမျိုးမျိုးနဲ့ နေရာရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျုံဒိုးမြို့နယ်အတွင်းက ပြည်သူလူထုတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးမသွားကြဖို့၊ ကျုံဒိုးမြို့နယ်ထဲက လမ်းကြောင်းတွေကိုသုံးပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ စွန့်ခွာလာတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူတာတွေ မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။
ကျုံဒိုးမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ နယ်မြေမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ဘယ်လောင်းကစားလုပ်ငန်းကိုမဆို မဖွင့်လှစ်ကြဖို့၊ စစ်တပ်ရဲ့ ထိုးစစ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ပြည်သူတွေကိုယ်တိုင် သတိဝီရိယနဲ့ ကာကွယ်နိုင်ရေးအတွက် မိမိတို့ နေထိုင်ရာအိမ်မှာ ဘေးကင်းလုံခြုံရေးကို ရည်ရွယ်ပြီး ဗုံးခိုကျင်းတွေ မဖြစ်မနေ ထားရှိဖို့ကိုလည်း ထုတ်ပြန် ဖော်ပြထားပါတယ်။
ဒီစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် KNU ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ အရေးယူခံရမယ်လို့လည်း သတိပေးထားပါတယ်။


