Home
မြန်မာသတင်း
ကျားဖြန့်နှင့်ဆက်နွှယ်နေသည့် အကြမ်းဖက်စစ်တပ်ကို ပိတ်ဆို့အရေးယူရန် NUG တိုက်တွန်း 
DVB
·
October 28, 2025

ကမ္ဘာ့နိုင်ငံအသီးသီးကို ဒုက္ခပေးနေတဲ့ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာအသိုက်အဝန်းက အခုထက်ပိုပြီး ပိတ်ဆို့အရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၂၈ ရက် ဒီနေ့လုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကနေ တိုက်တွန်းတာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းနဲ့ဆက်နွှယ်နေတဲ့ စစ်အုပ်စုကို အရေးယူဖို့နဲ့ ဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ  မြန်မာစစ်တပ်ခေါင်းဆောင်တွေ ထဲထဲဝင်ဝင်ပါ ဝင်ပတ်သက်နေတာကို သိမြင်ပြီး ဒီအရင်းအမြစ်ကိုဖြတ်နိုင်ကာမှ ဒီကိစ္စတွေချုပ်ငြိမ်းမယ်လို့ ပြောပါတယ်။

“တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဝေဆန်း (ဝေဟွိုင်ရန်)ရဲ့ ထွက်ဆိုချက်တွေမှာ စစ်အုပ်စုရဲ့ ကာကွယ်မှုနဲ့ ခွင့်ပြုချက်တွေရရှိခဲ့ကြောင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို ကာကွယ်ဖို့အတွက် လိမ်လည်ရရှိတဲ့ငွေရဲ့ တစိတ်တပိုင်းကို စစ်အုပ်စုကို ပေးဆောင်ခဲ့ရကြောင်း အဓိပ္ပာယ်သက်ရောက်တဲ့ အချက်တွေထွက်ဆိုထားတာကို ကြည့်ရင် အကြမ်းဖက်စစ်တပ်ဟာ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် ပံ့ပိုးမှုရှိကြောင်း သက်သေတွေကထင်ရှားတဲ့အတွက် နိုင်ငံတကာအသိုက်အဝန်းက ဒီရာဇဝတ် လုပ်ရပ်တွေကို ရပ်တန့်ဖို့ စစ်အုပ်စုအပေါ်  ယခုထပ်ပိုပြီး ပိတ်ဆို့အရေးယူဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို နိုင်ငံတကာအသိုက်အဝန်းက ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုသလို ပူးပေါင်းဆောင်ရွက်ဖို့လည်း အမြဲအသင့်ရှိကြောင်း ပြောကြားလိုပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတွေ တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ပြီးတော့ လူထုထောက်ခံမှုအရ တရားဝင်မှုကိုကိုယ်စားပြုကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့  မြန်မာနိုင်ငံ လက်ရှိအခြေအနေကိုထင်ဟပ်တဲ့ ဘုံတောင်း ဆိုချက်တွေကို အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ အလေးအနက်ထား ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲက အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေးသုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို ကြိုဆိုပြီး မြန်မာပြည်သူတွေပိုင်ဆိုင်တဲ့ မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ရေရှည်ပြေလည်စေမယ့် ငြိမ်းချမ်းတဲ့အဖြေကို ရှာဖွေနိုင်ဖို့ ဆက်လက်ကြိုးစားမယ်လို့ သိရတဲ့အတွက်လည်း မြန်မာပြည်သူတွေကိုယ်စားကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အာဏာသိမ်းစစ်အုပ်စုကစီစဉ်တဲ့ ရွေးကောက်ပွဲတွေကို ငြင်းဆိုဖို့၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေကို စောင့်ကြည့်သတင်းပို့နိုင်မယ့် ယန္တရားတွေကို အားကောင်းအောင်လုပ်ပြီး ပြည်တွင်း၊ ဒေသခံနဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်ပေးရေးကွန်ရက်တွေကို ပံ့ပိုးတာအပါအဝင် အရပ်သားတွေအပေါ်အကြမ်းဖက်တာက ချက်ချင်းကာကွယ်ဖို့ အစီအမံတွေလုပ်ဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုလက်ရှိလုပ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် နှုတ်ဆိတ်မနေဖို့၊ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရပ်ရွာခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့အတွက် တောင်းဆိုဖို့၊  နိုင်ငံတကာ လုပ်ဆောင်ချက်တွေကတဆင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာဖီဆန်တဲ့ စစ်အုပ်စုကို တာဝန်ခံအောင်လုပ်ဖို့လည်း တောင်းဆိုပါတယ်။

ဦးနေဘုန်းလတ်က “တောင်းဆိုချက်တွေဟာ မြန်မာနိုင်ငံက  ၂၀၂၀ ရွေးကောက်ပွဲကနေ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ရွေးကောက်ပွဲမဟုတ်တဲ့ အခြားနည်းလမ်းတွေနဲ့ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကို ကိုယ်စားပြုကြ တဲ့ နိုင်ငံရေး အင်အားစုတွေရဲ့  မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကိုထင်ဟပ်သော၊ မြန်မာပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုသော ဘုံတောင်းဆိုချက်တွေဖြစ်တာကြောင့် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ အလေးအနက်ထား ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်း လိုက်ရပါတယ်။ အာဆီယံအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို တရားဝင်မှုရရှိစေဖို့ လုပ်ဆောင်ပေးခြင်းမပြုဘဲ  အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့ အလေးအနက် ထပ်လောင်း ပြောကြားလိုပါတယ်” လို့ ပြောပါတယ်။

ပြီးတော့ ထိုင်းဘုရင့်မယ်တော် ဘုရင်မကြီး သီရိခေတ် ကံတော်ကုန်ခဲ့တာအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေရဲ့ ကြေကွဲဝမ်းနည်းကြောင်းပြောပြီး ထိုင်းနိုင်ငံရဲ့  နိုင်ငံတော်အဆင့် ကြေကွဲဝမ်းနည်းဖွယ်အချိန်ကာလမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြတဲ့  မြန်မာပြည်သူတွေအနေနဲ့လည်း ထိုင်းနိုင်ငံပြည်သူတို့ရဲ့ ဝမ်းနည်းကြေကွဲမှုကို ထပ်တူခံစားပြီး ထိုင်းရိုးရာဓလေ့ထုံးတမ်းတွေကို လေးစားလိုက်နာကြဖို့ တိုက်တွန်း လိုက်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024