Home
မြန်မာသတင်း
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဥ်များ ဝင်ခွင့်မပေးတော့သဖြင့် ခရီးသည်များ အခက်တွေ့
DVB
·
November 13, 2025

ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ ခရီးသည်တင် မီနီဘတ်စ်တွေကို မြို့တွင်းပြေးဆွဲခွင့် မပေးတော့လို့ ကားထပ်ပြောင်းစီးရတဲ့အပြင် ငွေအပိုကုန်ကျရပြီး အဆင်မပြေမှုတွေ ဖြစ်နေကြရတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။

ယာဥ်ကြောကျပ်တည်းတာကို အကြောင်းပြပြီး ရန်ကုန်-ပဲခူး ကားမဘေးက အဝေးပြေးယာဥ်ဝင်းကို မြို့ပြင်ဘက် ရွှေ့လိုက်သလို မီနီဘတ်စ် ခရီးသည်ယာဥ်တွေကိုလည်း မြို့အတွင်း ပေးမဖြတ်တော့ဘဲ ပင်စည်လမ်းဆုံကတဆင့် မြို့ရှောင်လမ်းအတိုင်း သွားပြီး ကလိယာဥ်ရပ်နားစခန်းမှာ ခရီးဆုံးဖို့ သတ်မှတ်ထားတာလို့ ဆိုပါတယ်။

ဒါကြောင့် ပဲခူးမြို့နဲ့ ရန်ကုန်ကို အရင် မြို့တွင်းလမ်းကနေ သွားလာမယ့် ခရီးသည်တွေအတွက် ရှောင်သွားရတဲ့ လမ်းကြောင်းနဲ့ နီးတဲ့နေရာမှာ အတက် အဆင်း လုပ်ပြီး ဆိုင်ကယ် ကယ်ရီ၊ အိုးဝေ၊ တုတ်တုတ်တို့ ထပ်ပြီးစီးရမှာဖြစ်လို့ ခရီးနှောင့်နှေးသလို ပိုက်ဆံအပိုကုန်ကျရစေတယ်လို့ ပုံမှန်သွားလာနေသူတွေက ပြောပါတယ်။

ပဲခူးနဲ့ ရန်ကုန်ကို မကြာခဏ သွားလာနေသူတယောက်က “ရုတ်တရက်ကြီး လမ်းကြောင်းပြောင်းလိုက်တော့ ခရီးသည်တွေ ဒုက္ခရောက်ကုန်တယ်။ အခါတိုင်း အချိန်မရွေး ထသွားလို့ရတဲ့ဟာကို အခုဆို တကူးတကကြီး ထပ်သွားစီးရမှာလေ။ ဒီလိုလုပ်လိုက်တာ ဘယ်ခရီးသည်မှ မကြိုက်ဘူး” လို့ ပြောပါတယ်။

အရင်လမ်းကြောင်းအတိုင်း ဆက်မသွားတဲ့အတွက် နောက်တဆင့် ပြောင်းစီးရလို့ ငွေအပို ကုန်ကျရတာ ကျပ် ၁,၀၀၀ ထက် မနည်းဘူးလို့ ခရီးသွားတချို့က ဆိုပါတယ်။

ပဲခူးမြို့ခံ ပြည်သူတယောက်က “မြို့ထဲကို ပြန်ရောက်ဖို့ ဆိုင်ကယ်ငှားရင် ပဲခူးနဲ့ ရန်ကုန် ကားခထက်တောင် ပိုတာ။ တော်တော်ကို လိုက်ဒုက္ခပေးနေတဲ့ဟာတွေ” လို့ ပြောပါတယ်။

အဲဒီလို မြို့တွင်းကနေ ဖြတ်ခွင့်မပေးတော့တာကြောင့် ခရီးသွားတွေ အဆင်ပြေအောင်ဆိုပြီး ပဲခူးတိုင်း စစ်မှုထမ်းဟောင်းအဖွဲ့က လုပ်ကိုင်နေတဲ့ ကြံတိုင်းအောင် ယာဥ်လိုင်းက Hijet ကားနဲ့ မြိုထဲပိုင်းသွားမယ့် ခရီးသည် တယောက်ကို ကားခ ၁,၀၀၀ ကျပ်နှုန်းနဲ့ ပြေးဆွဲပေးသွားမယ်လို့ အသိပေးထားပါတယ်။

အခုလို လမ်းကြောင်းပြောင်း ပြေးဆွဲခိုင်းတာ ရက်ပိုင်းပဲ ရှိသေးပြီး ပုံမှန်သွားလာနေတဲ့အတိုင်း မရောက်တော့လို့ ခရီးသည်နဲ့ ကားသမားတွေကြားမှာ အချေအတင် စကားများရတာတွေ ရှိနေတယ်လို့လည်း ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013