
စစ်တပ်အာဏာသိမ်းပြီးနောက် တရိပ်ရိပ် ထိုးတက်လာနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရန်ကုန်-ဒလ သမ္ဗန်သမားတွေဟာ နေ့စဉ် ထမင်းစားရဖို့ ရုန်းကန်နေကြရပြီး မြစ်ကူးတံတားသစ်ကြီးကြောင့်လည်း စားဝတ်နေရေး ပိုမိုခက်ခဲလာမှာကို စိုးရိမ်နေကြတယ်လို့ ဝါးတန်းဆိပ်ကမ်းနဲ့ ဆာဗာချောင်ကို ပြေးဆွဲပေးနေတဲ့ သမ္ဗန်မောင်းသူတွေက ပြောပါတယ်။
သမ္ဗန် တရက် မောင်းလို့ရတဲ့ဝင်ငွေဟာ ထမင်းစားဖို့အတွက်သာ လုံလောက်မှုရှိပြီး အခြား နေထိုင်ရေး၊ ကလေးတွေရဲ့ ပညာသင်စရိတ်နဲ့ ကျန်းမာရေးစရိတ်တွေအတွက် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ကုန်းဈေးနှုန်း ကြီးမြင့်တာအပြင် ဆီဈေးတွေပါ တက်လာတဲ့အတွက် အခက်အခဲပိုဖြစ်လာတယ်လို့ သမ္ဗန်မောင်းလို့ရတဲ့ ဝင်ငွေနဲ့ မိသားစု စားဝတ်နေရေးကို ၁၅ နှစ်ကျော် ဖြေရှင်းနေရတဲ့ သမ္ဗန်သမား ကိုမင်းစိုးသူက DVB ကို ပြောပါတယ်။
သမ္ဗန်မောင်းလို့ရတဲ့ ဝင်ငွေဟာ တရက်ကို ငွေကျပ် ၃၀,၀၀၀ နဲ့ ၃၅,၀၀၀ ဝန်းကျင်ရရှိပြီး ဆီဖိုးက ၁၀,၀၀၀ ကျော် ကုန်ကျတဲ့အတွက် မိသားစုဝင် ၅ ယောက်အတွက် ထမင်စားဖို့လောက်ရုံသာ ရှိတယ်လို့ ဆိုပါတယ်။
အရင်က ကိုမင်းစိုးသူရဲ့ ဝင်ငွေကိုသာ မိသားစုတွေက အဓိကထား မှီခိုနေရတာဖြစ်ပြီး လက်ရှိမှာတော့ သမ္ဗန်မောင်းသူ တယောက်တည်းရဲ့ ဝင်ငွေနဲ့ မလုံလောက်တဲ့အတွက် အမျိုးသမီးဖြစ်သူပါ ဈေးရောင်းနေရတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်အတွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန် ထိုးတက်လာတာဖြစ်ပြီး ကန်စွန်းရွက် တစည်းကို ၈၀၀ ကျပ်၊ ကြက်ဥတလုံးကို ၅၀၀ ကျပ်၊ ဘဲဥတလုံး ၆၀၀ ကျပ်နဲ့ အခြား ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကလည်း တစည်းကို ၁,၀၀၀ အထက်မှာရှိနေပါတယ်။
အဲဒီအပြင် အသားဈေးနှုန်းတွေဟာလည်း အခြေခံလူတန်းစားတွေ အနားမကပ်နိုင်လောက်တဲ့အထိ ဈေးမြင့်နေပြီး ဝက်သားတပိဿာကို ၃၅,၀၀၀ ကျပ်နဲ့ ကြက်သားတပိဿာကို ၂၈,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်နဲ့ ဒလကို ဆက်သွယ်ပေးမယ့် မြစ်ကူးတံတားကြီး ပြီးသွားတဲ့အချိန်မှာ သမ္ဗန်စီးခရီးသည် ဦးရေ လျော့နည်းသွားနိုင်တဲ့အတွက် ဝင်ငွေထိခိုက်မှာကို သမ္ဗန်မောင်းသူတွေက စိုးရိမ်နေကြပါတယ်။
ဒလဘက်ခြမ်းမှာ သမ္ဗန်ဆိပ် ၁၀ ခုနဲ့အထက်ရှိပြီး ရာနှင့်ချီတဲ့လူတွေဟာ ရန်ကုန်-ဒလ ကို နေ့စဉ် ကူးသန်းသွားလာပြီး အလုပ်လုပ်နေကြတာလည်း ဖြစ်ပါတယ်။


