
ပါဝါအိတ်ဇောတပ်တဲ့ ယာဥ်တွေနဲ့ တပ်ဆင်၊ ရောင်းချတဲ့ဆိုင်တွေကို ဒီဇင်ဘာလကစပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီရဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ကြေညာထားပါတယ်။
ရန်ကုန်တိုင်းအတွင်း အများပြည်သူသွားလာတဲ့ လမ်းများပေါ်မှာ ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကားနဲ့ မော်တော်ဆိုင်ကယ် မောင်းနှင်အသုံးပြုတဲ့သူကို တလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နောက်တကြိမ် ထပ်မံကျူးလွန်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပါဝါအိတ်ဇောရောင်းချတဲ့ ဆိုင်တွေ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးတဲ့ ဝပ်ရှော့တွေကိုလည်း သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေနဲ့ အရေးယူခံရမယ်လို့ ထည့်သွင်း အသိပေးထားပါတယ်။
အဲဒီလို ပါဝါအိတ်ဇောတပ်ယာဥ်တွေကို စစ်တပ်အရာရှိတွေ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းရှင်တွေရဲ့ သား၊ သမီးအများစုက စီးနင်းအသုံးပြုတာဖြစ်လို့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ မရှိဘူးလို့ ရန်ကုန်မြို့မှ ယာဥ်မောင်းတယောက်က ပြောပါတယ်။
“လူကြီး သား၊ သမီး ကား သွားဖမ်းရင် ဖမ်းတဲ့သူတောင် အခန့်မသင့်ရင် နာမှာလေ။ သာမန်ပိုက်ဆံရှိလို့ ဝါသနာအရ ဝယ်စီးတဲ့သူတွေကတော့ ကြားညှပ်ခံရနိုင်တယ်။”
ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးပူးပေါင်းအဖွဲ့တွေ အခုနှစ် ဇွန်လကနေ နိုဝင်ဘာလလယ်အထိ ပါဝါ အိပ်ဇောတပ်ဆင်ထားတဲ့ ပြိုင်ကား ၇ စီး၊ လူစီးယာဉ် ၇၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင်ပိတ်သိမ်းပညာပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


