
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သစ်ရာပင်ရွာကို ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီမှာ စစ်ကောင်စီ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်တိုက်ယာဉ်တစီးနဲ့ ဗုံးကြဲချတိုက်ခိုက်သွားလို့ အမျိုးသား ၂ ယောက် ဒဏ်ရာရပြီး နွား ၃ ကောင် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ကြဲတာက ၄ လုံး ကြဲချသွားတာဗျ။ ရွာလယ် မိန်းလမ်းမပေါ် ၂ လုံး ကျတယ်။ အိမ်ပေါ် တလုံး ကျတယ်။ ကျန်တဲ့တလုံးကတော့ လယ်ကွင်းတွေဘက် ကျတယ်ဗျ။ ပြည်သူ ၂ ယောက် ထိခိုက်သွားတယ်။ ထိခိုက်တဲ့ ပြည်သူကလည်း ရွာကို စပါးလာရိတ်ကြတဲ့ ဧည့်သည် အလုပ်သမား အမျိုးသားတွေပါဗျ။ အသက်က ၂၀ နဲ့ ၂၅ နှစ်ဝန်းကျင်ပါ။ အမည်တွေကတော့ မသိဘူး။ နောက်ထပ် နွား ၃ ကောင်လည်း သေသေးတယ်ဗျ။ လူနေအိမ်တချို့လည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲချတာကြောင့် ဒေသခံ ရွာသားတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “ဘာစစ်ရေးပစ်မှတ်မှ မရှိသလို တိုက်ပွဲလည်း မရှိဘဲနဲ့ကို အကြောင်းမဲ့ လာကြဲချသွားတာ။ အဲဒီကို အခုလို လေယာဉ်နဲ့ ဗုံးကြဲချတာဟာ ၂ ကြိမ်ရှိနေပြီဗျ။ နိုဝင်ဘာ ၆ ရက်နေ့က တကြိမ် ကြဲချတဲ့ နေရာရဲ့ မြောက်ဘက်ကပ်လျက်ရှိတဲ့ အိမ်ကို ကြဲချသလို ရွာထဲက လမ်းမပေါ်ကိုလည်း ကြဲချသွားတာ” လို့ ပြောပါတယ်။
သစ်ရာပင်ရွာဟာ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အစပ်မှာ တည်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်သလို သမိုင်းဝင် အလောင်းတော်ကဿပဘုရားကို သွားရာလမ်းအနီးမှာရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ဒေသခံ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ပြီး ဘေးကင်းရာမှာ ကြိုတင်ပုန်းရှောင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။


