မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ပဲခင်းကျော်ကျေးရွာထဲကို ဒီဇင်ဘာ ၂ ရက်မှာ စစ်ကောင်စီလက်အောက်ခံတွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်သာမြို့ရဲ့ အရှေ့တောင်ဘက် ၃ မိုင်လောက်ဝေးတဲ့ ပဲခင်းကျော်ရွာကို ဒီဇင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ တောင်သာမြို့ပေါ်ကနေ စစ်သားနဲ့ ပျူအင်အား ၂၀၀ လောက်ပါလာတဲ့ FAW ကား ၅ စီးနဲ့ ရွာထဲကိုဝင်ပြီး အိမ်တွေကို မီးလိုက်ရှို့ကြတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီစစ်ကားတွေ ရွာထဲဝင်လာတော့မှ ရွာထဲကလူတွေလည်း ခြေဦးတည့်ရာ ပြေးကြရတာ။ ညနေ ၃ နာရီလောက်မှ အဲဒီကောင်တွေ တောင်သာမြို့ပေါ်ကို ပြန်တက်သွားကြတယ်။ သူတို့ မီးရှို့လို့ အိမ် ၇၀ လောက် မီးလောင်ပျက်စီးကုန်တယ်ဗျ။”
ထွက်ပြေးသွားကြတဲ့ ပဲခင်းကျော်ကျေးရွာ ရွာခံတွေကတော့ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြလို့ ကျေးရွာအတွင်းက လူနေအိမ် ၃ ပုံ ၁ ပုံလောက် မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့်ပြည်သူတွေအတွက် နေထိုင်စရာ အဆောက်အအုံတွေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးသွားခဲ့ကြတဲ့ အဆိုပါ ပဲခင်းကျော်ကျေးရွာဟာ လူနေအိမ် ၂၀၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ နီးပါး နေထိုင်နေတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
တောင်သာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ (--)တွေ အဲဒီရွာထဲကို ဝင်ပြီး မီးရှို့ကြတာ။ သူတို့ မီးရှို့နေတဲ့အချိန် ကျနော်တို့ဘက်က တိုက်ခိုက်ခဲ့သေးလို့ တိုက်ပွဲဖြစ်လိုက်သေးတယ်။ နှစ်ဖက်ပစ်ခတ်မှုက တနာရီလောက် ကြာတယ်။ တိုက်ပွဲထဲမှာ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေရှိလို့ တောင်သာဘက်ကို တန်းပြန်ပြေးသွားကြတာပဲ။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တောင်သာကျေးရွာအတွင်းက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရုတ်တရက် အကြောင်းမဲ့ဝင်ရောက်ကာ လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဘက်ကလည်း သတိနဲ့ သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဟာ တောင်သာမြို့နယ်ထဲကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်နေသလို နိုဝင်ဘာ ၂၁ ရက်ကလည်း တောင်သာမြို့နယ်၊ ညောင်တိုကျေးရွာကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၅၀ နီးပါး မီးလောင် ပျက်စီးခဲ့သလို သက်တော်ကြီး ဆရာတော်တပါးလည်း မီးလောင်ပြီး ပျံလွန်တော်မူခဲ့ပါတယ်။




