
ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၆ ယောက် သေဆုံးခဲ့ရတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ထိခိုက်သေဆုံးရသူ ၁၆ ယောက်အထိရှိတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက "KnHRG ရဲ့ အချက်အလက်တွေပါဗျ။ ဖားဆောင်းမြို့နယ်ထဲက မော်ချီးမြို့ လေယာဥ်ဗုံးကြဲခံရလို့ သေဆုံးရခြင်းလည်းပါတယ်ဗျ"လို့ ပြောပါတယ်။
လွိုင်ကော်မြို့နယ်၊ ဖားဆောင်းမြို့နယ် ၊ ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ် ၊ ဘောလခဲမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းကြောင့် ပြည်သူသေဆုံး၊ ထိခိုက်တာတွေအပြင် နေအိမ်တွေလည်း ထိခိုက်ခဲ့ရတာပဲ ဖြစ်ပါတယ်။
လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ပြည်သူ ၉ ယောက်၊ ဒရုန်းကြောင့် ပြည်သူ ၄ ယောက်၊ လက်နက်ကြီးကြောင့် ပြည်သူ တယောက်၊ တခြားအကြောင်းကြောင့် ပြည်သူ တယောက် သေဆုံးခဲ့ရပြီး ၅၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နေအိမ် ၁၈ လုံး၊ ဘာသာရေးအဆောက်အအုံ ၂ ခု၊ အများပြည်သူ အဆောက်အအုံ ၅ ခု၊ ယာဥ် ၈ စီး၊ လယ်ကွင်း ၃ ခု၊ တိရစ္ဆာန် ၂ ကောင် သေဆုံးခဲ့ရတယ်လို့ပြောပါတယ်။


