
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပမယ့်မြို့နယ်တွေထဲမှာ ကရင်နီမြို့တော် လွိုင်ကော်နဲ့ ဘောလခဲမြို့တို့ ပါဝင်တဲ့ အတွက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဘောလခဲမြို့ ပတ်လည်ကို နယ်မြေရှင်းလင်းရေး ဝင်နေတယ်လို့ DVB ရဲ့ ဒေသခံ စစ်ရေးရင်းမြစ်က ပြောပါတယ်။
“ဘောလခဲမှာ သူ လုပ်ဖို့(ရွေးကောက်ပွဲ)လုံခြုံရေးအတွက်ပေါ့နော်၊ ဒီ ဖားဆောင်းဘက် တကြောင်းရယ် ပြီးတော့ ရွာသစ်ဘက်တကြောင်း အဲဒါ သူက ဘောလခဲပတ်ပတ်လည်ကို လုံခြုံရေးယူထားပြီးမှ သူလုပ်ချင်တဲ့ အနေအထားပဲ။ သူတို့ရောက်တဲ့နေရာမှာ ဖားဆောင်းဘက်မှာဖြစ်စေ ရွာသစ်လမ်းကြောင်းဘက်မှာဖြစ်စေ သူတို့ရောက်တဲ့နေရာမှာ ခြေကုပ်စခန်း ယူထားတယ်။ ကျနော်တို့အဖွဲ့ကတော့ သူတို့ကို ဆက်မတိုးနိုင်အောင် ကာထားတယ်။ အဲ့တော့ သူရောက်တဲ့နေရာမှာပဲ နေမလား၊ ဆက်တိုးမလား၊ သူ ဆက်တိုးမယ်ဆိုရင်တော့ တိုက်ပွဲထိတွေ့မှု ဖြစ်လာမှာပဲ။”
ဖရူဆို-ဘောလခဲ-ဖားဆောင်းနားတဝိုက်က မဲ့စလောင်း၊ ဝမ်မလန်၊ ရေကျော်၊ ရေနီပေါက်၊ ထူးချောင်း စတဲ့စခန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဘက်က ထိန်းချုပ်ထားနိုင်ပေမဲ့ အခု နယ်မြေရှင်းလင်းရေးဝင်နေတဲ့ စစ်ကြောင်းက နိုဝင်ဘာလရဲ့ နောက်ဆုံးအပတ်လောက်မှာ မဲ့စလောင်းစခန်းကို ဝင်သိမ်းနိုင်ခဲ့ပြီး ရွာသစ်ကိုဝင်နေတဲ့ စစ်ကြောင်းက ဝမ်မလန်စခန်းကို သိမ်းဖို့ ကြိုးစားနေတယ်လို့ ဘောလခဲ စစ်ရေးရင်းမြစ်က ဆက်ရှင်းပြပါတယ်။
ဘောလခမြို့ထဲမှာ လက်ရှိ ခမရ ၄၂၉၊ ခမရ ၄၃၀ နဲ့ ခလရ ၃၃၇ တပ်တွေ ကျန်နေသေးပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခံထားရတဲ့မြို့ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပမယ့် မြို့တော် လွိုင်ကော်မှာတော့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ကြိုတင်မဲထည့်တာ၊ ပါတီတွေ မဲဆွယ်စည်းရုံးတာတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက မဲဆွယ်နေတာတွေ လုပ်နေပေမဲ့ ဘောလခဲမြို့ထဲမှာတော့ အခုချိန်ထိ မဲဆွယ်စည်းရုံးတာတောင် မမြင်ရသေးဘူးလို့ ဘောလခဲမြို့ခံက ဆက်ရှင်းပြပါတယ်။
“ဘောလခဲက ဗျူဟာချုပ်ကိုင်ထားတဲ့မြို့ဆိုတော့ စိုးမိုးနယ်မြေတွေကို သူတို့ယူထားတယ်။ တကယ် မဲပေးနိုင်ခွင့်ရှိတဲ့ ပြည်သူဆိုတာ မြို့ထဲမှာကို မကျန်တာ။ စစ်တပ်လက်ကိုင်တုတ်တွေနဲ့ တပ်မိသားစုတွေပဲ ကျန်နေခဲ့တာ။ ကျနော်တို့ဆိုလည်း အိမ်ထားခဲ့ပြီး ပြေးနေရတာ။ သူတို့ကို မဲက ဘယ်သူပေးမှာလဲ။”
ကရင်နီပြည်နယ်က နယ်မြေအများစုကို တော်လှန်ရေးတပ်ပေါင်းစုဘက်က ထိန်းချုပ်ထားပြီး စစ်တပ်က ရွေးကောက်ပွဲလုပ်မယ့် ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့တွေကို ပြီးခဲ့တဲ့လထဲက လေကြောင်းနဲ့ မြေပြင် အင်အားသုံးပြီး ထိုးစစ်ဆင်နေတာပါ။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ကတော့ ကရင်နီပြည်နယ်ကို စစ်တပ်က စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်နေတဲ့အတွက် ဒေသခံပြည်သူအနေနဲ့ မလိုအပ်ဘဲ တိုက်ပွဲဖြစ်ရာ နေရာတွေကို ခရီးမသွားဖို့ ထုတ်ပြန် သတိပေးထားပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်အရ တောင်ယာလုပ်ကိုင်တဲ့ နေရာတွေကို စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ တလအတွင်းမှာပဲ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ အရပ်သား ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မောရစ်


