
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းတိုက်ခိုက်ပြီး စစ်ကြောင်းထိုးခဲ့တဲ့အတွက် ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ မုံရွာ နမခ ကနေ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ မုံရွာမြို့နယ် ချောင်းဆုံကျေးရွာနဲ့ ချောင်းဦးမြို့နယ် ချောင်းမနားကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက် သေဆုံး၊ ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရခဲ့သလို ညနေပိုင်းမှာလည်း ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို စစ်ကောင်စီ အထိုင်စခန်းတွေကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပြီး အမျိုးသားတယောက်အား သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ချောင်းဦး PDF ပြန်ကြားရေးတာဝန်ခံက “ညနေ ၄ နာရီ ၁၀ မိနစ်လောက်မှာ မုံရွာနယ် တောပုပျူရွာ၊ ချောင်းဦး မြပုလဲ၊ ဘက်စုံ၊ ချောင်းဦးမြို့ပေါ်က ထုတ်နုတ်အင်အား စုစုပေါင်း အင်အား ၁၀၀ ဝန်းကျင်က ပြည်သူ ဓားစာခံတွေနဲ့အတူ ကျီကုန်းရွာကို စစ်ကြောင်းထိုးတယ်၊ ပြည်သူ တယောက်ကို သတ်ဖြတ်ပြီး ည ၉ နာရီဝန်းကျင်မှာ စစ်ကြောင်းက ပြန်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ညမှာ စစ်ကြောင်းက ချောင်းဦးမြို့ပေါ်က ပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး သူတို့အထိုင်စခန်းတွေကို ပြန်လည်ဝင်ရောက်သွားပြီလို့ သိရပါတယ်။


