
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက်က စစ်ကောင်စီစစ်ကြောင်း မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၁၀ လုံးနီးပါး မီးလောင်ပျက်စီးကာ အဆိုပါစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းမှူး ဗိုလ်ကြီးတယောက် အပါအဝင် စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ရေစကြိုရဲ့ တောင်ဘက် ကပ်လျက်မှာရှိတဲ့ ညောင်စောက်ရွာကို စစ်ကြောင်းဝင်ပြီး မီးရှို့သွားတာ အိမ် ၁၀ လုံးလောက် မီးလောင် ပျက်စီးသွားတယ်ဗျ။ သူတို့ ဝင်မလာခင်ကလည်း လက်နက်ကြီးတွေနဲ့ အရင်ပစ်လို့ ရွာသားတွေ ထွက်ပြေးကြရတယ်။ ပေါက်ကူနဲ့ ရွာသစ်ရွာတွေကတော့ မီးရှို့မခံရဘူး။ ပြည်သူပိုင်ပစ္စည်းတွေကတော့ အခိုးခံရတယ်။ ၂၇ ရက်နေ့မှ ညောင်စောက်ရွာကို ရောက်လာပြီး အိမ်တွေကို မီးရှို့တာ၊ အိမ် ၁၀ လုံးလောက် မီးလောင်ပျက်စီးခဲ့တယ်။ ပြည်သူတွေဆီကနေလည်း ရွှေငွေတွေကို အတင်းလုယူသွားကြတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်က စတင်ကာ ရေစကြိုမြို့မှာရှိကြတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ မြို့နဲ့ အနီးအနား ကျေးရွာတွေဘက်ကို ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကာ မြေပြင် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်း စဝင်လာတဲ့ ၂၅ ရက်ကနေ ပြန်ထွက်သွားတဲ့ ၂၇ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်လောက် ပါလာပြီး ရေစကြို ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်တွေဖြစ်တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ကိုဝေကြီးက “ရွာသစ်ရွာနဲ့ ထန်းဆယ်ပင်ရွာကြားမှာ ဖြတ်တိုက်တုန်းက ၂ နာရီလောက်ကြာပြီး သူတို့စစ်ကြောင်းမှူး ဗိုလ်ကြီးမင်းတေဇနဲ့ စစ်သား ၃ ယောက်ထက်မနည်း သေတယ်။ နောက်ပြီးတော့လည်း သူတို့တွေ ညောင်စောက်ရွာထဲမှာ ရှိနေတော့လည်း ရွာနားအထိ အနီးကပ်ဝင်ပစ်တာ စစ်သားတယောက် သေပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ သူတို့စစ်ကြောင်းမှူး သေပြီး အထိနာလို့ ပြန်ဆုတ်သွားကြတာ”လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း ၉၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသ စစ်ကြောင်းတို့ ပူးတွဲဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့တော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းမှူး ဗိုလ်ကြီးမင်းတေဇနဲ့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံးတာနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်တပ်ဘက်ကလည်း သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။


