
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ခင်ဦးမြို့နယ်ထဲက မုံလှရွာထဲမှာ တပတ်ကျော်လောက် တပ်စွဲနေတဲ့ စကစစစ်ကြောင်းကို စစ်ကြောင်းပျက်လုနီးပါးအထိ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲထဲမှာ စစ်သားအများအပြား သေခဲ့တယ်။ သူတို့ဘက်ကတော့ ဒီအတိုင်း ထားသွားကြလို့ တိုက်ပွဲဖြစ်ပြီး ၅ ရက်လောက်အကြာမှာ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းရင်းနဲ့ သူတို့အလောင်းတွေကို ခက်ခက်ခဲခဲ မီးသင်္ဂြိုဟ်ပေးခဲ့ရတာပါ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်မှာ ခင်ဦးမြို့နယ်ထဲက မုံလှကျေးရွာနဲ့ ပျဥ်ထောင်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ များပြားခဲ့တာ ဖြစ်ပါတယ်။
ခင်ဦးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက “တိုက်ပွဲထဲမှာ အင်အား ၁၈၀ လောက်ပါတဲ့ စစ်ကြောင်း ပျက်လုမတတ်ဖြစ်ပြီး ကျန်တဲ့ ၃၀ လောက်က မုံလှရွာထဲကို ဆုတ်ပြေးသွားကြတယ်။ ၂၇ ရက်နေ့ရောက်တော့မှ မုံလှရွာထဲကနေ ကန့်ဘလူဘက်ကို ခိုးကြောင်ခိုးဝှက် ပြန်ထွက်သွားကြတာ။ အဲဒီနောက်ရက်မှ နယ်မြေရှင်းလင်းရေးလုပ်ဖို့ သွားကြတော့ သူတို့အလောင်းတွေက ပုပ်ပွပြီး အနံ့တွေ အတော်လေးထွက်နေပြီ။ အဲဒါတွေကို ခက်ခက်ခဲခဲကို မီးရှို့ပေးခဲ့ရတယ်။ ၂၈ ရက်နေ့ တနေကုန်လောက် ရှို့တာမှ အလောင်း ၄၀ ကျော် ၅၀ နီးပါးလောက်ပဲ ရှိသေးတာ။ တဝက်တောင်မကျသေးဘူး။ အများကြီးကျန်နေခဲ့သေးတယ်။ ဒီဇယ်တွေနဲ့ တာယာတွေကုန်လို့ ပြန်လာကြတာ” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က သိမ်းဆည်းရရှိခဲ့ပါတယ်။
Photo: ခင်ဦးမြို့နယ် ပကဖ


