စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာမှာ စစ်ကောင်စီတပ်က ရွာသားတယောက်ကို သတ်ဖြတ်ထားခဲ့ပြီး ရွာသား ၆ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီကျော်မှာ ခင်မွန်ရွာကနေတဆင့် ကျီကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာပြီး ကျီကုန်းရွာသား အသက် ၄၀ အရွယ် ကိုမင်းနိုင်ကို ဖမ်းဆီးသတ်ဖြတ်သွားကြောင့် နောက်တနေ့မှာ ရွာသားတွေက အလောင်းရှာတွေ့ခဲ့ပါတယ်။
ကျီကုန်းရွာသားတယောက်က “ရွာထဲမှာပဲ သတ်ထားခဲ့ကြတာ။ အလောင်းကတော့ ဒီနေ့မနက်ခင်း အစောပိုင်းမှာ တွေ့ရတာဗျ။ နောက်ပြီး ရွာက ဦးခင်မောင်ဝင်း အပါအဝင် ရွာသား ၆ ဦးကိုလည်း ဖမ်းသွားတယ်။ အဲဒီ ၆ ဦးထဲက ၃ ဦးကိုတော့ ဒီနေ့မနက်ခင်း ပြန်လွှတ်ပေးတယ်။ ကျန် ၃ ဦးကတော့ ပြန်လွှတ်မပေးသေးဘဲ ဖမ်းထားတယ်ဗျ” လို့ ပြောပါတယ်။
စစ်တပ်က ကျီကုန်းရွာကနေ နိုဝင်ဘာ ၃၀ ရက် ည ၁၂ နာရီလောက်က ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးကို ကား ၂ စီးနဲ့ ဝင်ရောက်သွားပြီလို့လည်း သိရပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “ရွာထဲကနေ စစ်တပ်လာတာကို မပြေးဘဲ နေတဲ့သူတွေပေါ့ဗျာ။ စစ်တပ်က ဘာမှမလုပ်ဘူးလို့ ထင်နေတော့ အခုလို ဖမ်းဆီးသတ်ဖြတ်ခံရတာ။ မနေ့ညကလည်း ချောင်းဦးမြို့ ထွေအုပ်ရုံးကနေ ရွာတွေဘက်ဆီကို လက်နက်ကြီး အများအပြား ပစ်ခတ်တယ်။ နောက်ပြီးတော့ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ရွာသားတယောက်လည်း ပစ်ခတ်ခံရလို့ ခြေထောက် ဒဏ်ရာရသူတဦးလည်း ရှိခဲ့တယ်ဗျ။ မနေ့ကနဲ့ ဒီနေ့လည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်သွားတယ်” လို့ ပြောပါတယ်။
ချောင်းဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးဖို့ အင်အားစုနေပြီး ဒီဇင်ဘာ ၁ ရက် နေ့လယ် ၂ နာရီကျော်မှာလည်း ချောင်းမနားရွာကို မုံရွာ နမခတက် ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဒုတိယအကြိမ် ထပ်မံလေကြောင်းတိုက်ခိုက်သွားပြီး လူအထိအခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။





