
ရွေးကောက်ပွဲကျင်းပမဲ့ ကရင်နီပြည်နယ်၊ ဘော်လခဲမြို့မှာ စစ်တပ်က တပတ်တကြိမ် အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးနေပြီး မြို့ကနေ စွန့်ခွာသွားတဲ့သူတွေကို နေရပ်ပြန်လာကြဖို့ လိုက်လံနှိုးဆော်နေပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ စစ်တပ်က ကျင်းပမဲ့ ရွေးကောက် ပထမပိုင်းကို ကရင်နီပြည်နယ်က မြို့တော် လွိုင်ကော်နဲ့ ဘော်လခဲမြို့မှာ ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာထားပါတယ်။
မဲဆွယ်စည်းရုံးရေးကာလအဖြစ် အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၇ ရက်အထိ ရက်ပေါင်း ၆၀ UEC က ခွင့်ပြုပေးထားပါတယ်။
အဲဒီကာလအတွင်း မြို့တော်လွိုင်ကော်မှာတော့ နိုဝင်ဘာလစကတည်းက မဲဆွယ်စည်းရုံးရေးတာတွေ လုပ်နေသလို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဘော်လခဲမြို့မှာတော့ နိုဝင်ဘာ နောက်ဆုံးအပတ်ကစပြီး နေရပ်စွန့်ခွာသွားသူတွေကို စစ်တပ်က ရွေးကောက်ပွဲအမီ နေရပ်ပြန်လာကြဖို့ လိုက်လံနှိုးဆော်နေပြီး တပတ်တကြိမ် အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးနေပြီလို့ လက်ရှိ ဘော်လခဲမြို့ထဲက အခြေအနေတွေကို မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“အဲဒီတော့ ရဟတ်ယာဥ်တွေ ဘာတွေ ဆင်းတယ်။ ကြိုးကြားကြိုးကြား ဆင်းလာတယ် ဆိုတာက သူတို့ တပ်အသုံးအဆောင်ပစ္စည်းတွေ ပါမယ်။ ပြီးတော့ ရိက္ခာပိုင်းလည်း ပါမယ်ထင်တယ်။ ကြားထဲမှာတော့ သူတို့ စည်းရုံးရေးအနေနဲ့ ရွာသားတွေကို စားသောက်ကုန်တွေကို ဈေးချရောင်းပေးတာတို့ ပြီးတော့ တပတ်တကြိမ်၊ နှစ်ကြိမ်ကို လိုင်းတွေ ဖွင့်ပေးတာတို့ ပြီးတော့ လိုင်းဖွင့်ပေးပြီးတော့ သက်ဆိုင်ရာမိသားစုတွေ ပြန်ဝင်လာဖို့ အဲဒီလိုမျိုး စည်းရုံးရေးဝင်တာတို့ ရှိတာပေါ့။”
ဘော်လခဲမြို့ရဲ့ အနီးနားက မယ့်စလောင်းတောင်စခန်းကို နိုဝင်ဘာ နောက်ဆုံးအပတ်မှာ စစ်တပ်က ပြန်သိမ်းခဲ့ပြီးတဲ့နောက် စစ်ကြောင်းနှစ်ကြောင်းခွဲကာ အနီးအနား ပတ်လည်ရွာတွေကို နယ်မြေရှင်းလင်းရေး ဝင်နေလို့ တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့မှုတွေ ဖြစ်နေပါတယ်။
ဘော်လခဲမြို့ထဲမှာ လက်ရှိ ခမရ ၄၂၉၊ ခမရ ၄၃၀ နဲ့ ခလရ ၃၃၇ တပ်တွေ ကျန်နေသေးပြီး ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂ လက်အောက်ခံ တပ်ရင်းတချို့ကို အားဖြည့်ထားကာ ပြည်သူအယောက် ၂၀၀ လောက် မြို့ထဲမှာ ကျန်နေသေးတယ်လို့ တော်လှန်ရေးတပ်ပေါင်းစုဘက်က သုံးသပ်ထားပါတယ်။
လတ်တလော မြို့ထဲမှာ မဲဆွယ်နေသလို လုံခြုံရေးပိုင်းကို ပိုတင်းကျပ်ထားတယ်လို့ ဘော်လခဲမြို့ခံက ဆက်ရှင်းပြပါတယ်။
“သူတို့ လုံခြုံရေး ထူထူထပ်ထပ် ချထားတယ်ဗျ။ ဒီနေ့လည်း ကျနော် ပြောသလိုမျိုး ဖားဆောင်းဘက်က တကြောင်း၊ ရွာသစ်သွားတဲ့လမ်းဘက်က တကြောင်းရယ် မယ့်စလောင်းတောင်မှာက တဖွဲ့ဆိုတော့ ဆိုလိုတာက ဘော်လခဲကို လေးဘက်လေးတန် ကာထားတာပေါ့။”
ဘော်လခဲနားတဝိုက်မှာ ရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်ကို ဆက်သွယ်မေးမြန်းကြည့်ရာ ရွာသစ်ဘက်က စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဝမ်မလန်စခန်းကို ပြန်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
စစ်ရေးရင်းမြစ်က “ဒီ ဘော်လခဲရဲ့ မလှမ်းမကမ်း ရောက်တဲ့နေရာမှာတော့ သူ(စစ်တပ်) ခြေကုပ်ယူထားပြီ။ ဘယ်လိုတွေ့ရလဲဆိုတော့ ခြေကုပ်ယူထားရင်းနဲ့ သူ(စစ်တပ်) တဖြည်းဖြည်း ဆက်တိုးလာတယ်။ ကျနော်တို့ကလည်း သူ တိုးမလာနိုင်အောင် ပိတ်ထားတယ်” လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်နေရာအတွက် ဘော်လခဲ မဲဆန္ဒနယ်ကနေ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ကယားပြည်နယ် ပြည်သူ့ပါတီ စတဲ့ ၄ ပါတီက ဝင်ရောက်ပြိုင်ကြမှာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း ၁ အတွက် ကရင်နီပြည်က မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပါတီ ၄ ခုကနေ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း ၈၇ ယောက် ရှိတယ်လို့ ဒေသတွင်းမီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မောရစ်


