
ရန်ကုန်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတယောက်ကို နေ့စားခ ကျပ် ၈,၀၀၀ နဲ့ စစ်ကောင်စီက ငှားရမ်းပြီး ဒီဇင်ဘာ ၁ ရက်က စတင်ကာ လူတိုင်း မဖြစ်မနေ မဲပေးဖို့ လက်ကမ်းစာစောင်တွေ လိုက်ဝေခိုင်းတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပုဇွန်တောင်မြို့နယ်မှာ ဒီဇင်ဘာ ၂ ရက်က ပုဇွန်တောင်ဈေး၊ ရေကျော်ဈေးနဲ့ ကားဂိတ်တွေမှာ “မဲပေးကြမယ်” လက်ကမ်းစာစောင်တွေကို မီးသတ်၊ ထွေအုပ်နဲ့ ပြန်ကြားရေးဝန်ထမ်းတွေက လိုက်ကမ်းတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“၁ ရက်နေ့က ပြန်ဆက်က ဝန်ထမ်းတယောက်ပဲ လိုက်ကမ်းတာ၊ နေ့စားခ တရက် ၈,၀၀၀ ပေးတယ်လည်း ဆိုရော ၂ ရက်နေ့မှာ ထွေအုပ်ရော မီးသတ်ရော ပြန်ဆက်ဝန်ထမ်းတွေရော အကုန်လိုက်ကမ်းတာ၊ ယူချင်ယူ မယူချင်ရင် သူတို့တာဝန်ယူထားတဲ့စာရွက်ပဲ ကုန်ဖို့အဓိကပဲ၊ လူမရှိတဲ့အိမ်ဆို စာရွက်ပစ်ထည့်သွားတာ။”
မြောက်ဥက္ကလာပမြို့နယ်မှာတော့ မဲပေးကြစို့ လက်ကမ်းစာစောင်ဝေတာကို ပြန်ကြားရေးကသာ ဦးဆောင်ပြီး နိုဝင်ဘာ ၃၀ ရက်က စတင်ကာ ရပ်ကွက်၊ ကားဂိတ်၊ ကယ်ရီဂိတ်တွေကို လိုက်ကမ်းတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“မြောက်ဥက္ကလာမှာ လကုန်ကတည်းက မဲပေးဖို့ ပန်းဖလက်တွေ လိုက်ကမ်းနေတာ၊ ပြန်ဆက်ကပဲ ဦးဆောင်တာ၊ ပန်းဖလက်ဝေတာလည်း သူတို့ပဲ၊ ဓာတ်ပုံရိုက်တာလည်း သူတို့ပဲ၊ လုံခြုံရေးတော့ ပါတယ်၊ ခပ်လှမ်းလှမ်းမှာ နေကြတာ။”
ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ပါဝင်စားမှု မရှိတဲ့အပြင် မဲစာရင်းပါသွားပြီး မကြည့်တာကြောင့် စစ်ကောင်စီက ဝန်ထမ်းအင်အားအသုံးပြုကာ အခုလို ဝါဒဖြန့်တာလို့ နိုင်ငံရေးလေ့လာသူတယောက်က ထောက်ပြပါတယ်။
“ရွေးကောက်ပွဲကို စိတ်ဝင်စားတယ်ဆိုတာ သူတို့အဝန်းအဝိုင်းလောက်ပဲ၊ တကယ်တမ်း မြေပြင်မှာ ဘယ်သူမှ စိတ်မဝင်စားသလို မဲစာရင်းတောင် ကြည့်မယ့်သူမရှိလို့ အိမ်အထိ စာရင်းပြန်ကောက်ရတယ် ဆိုတာ ကြည့်ရင် သိနိုင်တယ်။ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဆိုတာ ကြိုတင်စီစဥ်ထားတဲ့ လုပ်ပွဲတခုပဲ။”
စစ်အုပ်စုက ကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူတွေသာမက နိုင်ငံတကာအသိုင်းအဝိုင်းကလည်း လက်မခံဘဲ အခုချိန်ထိ ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


