
မြန်မာစစ်အုပ်စုက လာမယ့် ဒီဇင်ဘာလနှောင်းပိုင်းမှာ ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲက နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိစေမယ့်အစား ဖိနှိပ်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က သတိပေးလိုက်ပါတယ်။
OHCHR အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျယ်ရမီလောရင့်စ်က ဒီရွေးကောက်ပွဲဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ကျင်းပမှာဖြစ်သလို ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ နိုင်ငံရေးအရ ပါဝင်မှုကို တက်ကြွစွာ ဖိနှိပ်ထားတဲ့အကြောင်း သတင်းထောက်တွေကို ပြောလိုက်တာပါ။
ဒါ့အပြင် စစ်အုပ်စုဟာ အဓိကကျတဲ့ နိုင်ငံရေးပါတီ အများအပြားကို ဖယ်ထုတ်ထားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်ကလည်း မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်က နိုင်ငံတဝန်း မလုံခြုံမှု၊ ကြောက်ရွံ့မှုနဲ့ အစွန်းရောက်မှုတွေကို ပိုမိုခိုင်မာစေမှာဖြစ်တယ်လို့ ပြောထားသလို အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ စီးဆင်းမှု သေချာစေရေးကသာ အဓိကဦးစားပေး ဖြစ်ရမယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီရဲ့ တဖက်သတ်ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)” က မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့အကြောင်း နိုဝင်ဘာ ၂၆ ရက်မှာ သတိပေးထားပါတယ်။


