
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းတို့မှာ စိုက်ပျိုးရေးအကြွင်းအကျန် မီးရှို့မှုကို စစ်ကောင်စီက တားမြစ်ထားတာကြောင့် တောင်သူတွေ နောက်ထပ် စိုက်ပျိုးရေးအတွက် အခက်အခဲ ဖြစ်ကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြောင်းသိမ်းချိန်ဖြစ်တဲ့ နိုဝင်ဘာလမှာ စတင်တားမြစ်ထားပြီး အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က အသံချဲ့စက်နဲ့ လိုက်အော်ကာ သတိပေးထားတယ်လို့ ပြောပါတယ်။
တောင်သူတယောက်က “မီးရှို့ရင် လေထုညစ်ညမ်း၊ တောမီးလောင်မှာစိုးလို့တဲ့ မိုက်နဲ့ အော်သွားတယ်။ ပြောင်းရိုး၊ ကြံရိုးက မီးမရှို့ဘဲနဲ့ မြေကြီးထဲ တော်ရုံမဆွေးဘူး၊ ခြံအပြင် သယ်ထုတ်ဖို့ဆိုလည်း လူအင်အား၊ ငွေအင်အား အများကြီးကုန်မှာ” လို့ ပြောပါတယ်။
အခုလို တားမြစ်တာဟာ စိုက်ပျိုးရေးလုပ်ငန်းစဉ်ကို နားမလည်တာကြောင့်ဖြစ်ပြီး စိုက်ခင်း အကြွင်းအကျန်တွေကို မီးရှို့တဲ့အတွက် မြေဆီလွှာကို သန့်စင်ပြီး နောက်ထပ်သီးနှံအတွက် မြေဩဇာ ထက်သန်စေဖို့၊ ပိုးမွှားတွေကို နှိမ်နင်းနိုင်ဖို့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
နောက်တောင်သူတယောက်က “မီးရှို့တာကမှ အကုန်အကျသက်သာတာ၊ တောင်သူအလုပ်ကို ကိုယ်တိုင်လုပ်ဖူးသူတိုင်း သိကြတယ်။ ခုက သူတို့က ပေးမရှို့ဘူးဆိုတော့ အဆင်မပြေကြဘူး။ စိုက်ပျိုးရေးရဲ့ လုပ်ငန်းစဉ်တွေ နှောင့်နှေးရတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်ကလည်း ရွှေလဖုန်းကျေးရွာမှာ ပြောင်းဖူးစိုက်ခင်း အကြွင်းအကျန်တွေ မီးရှို့တဲ့ တောင်သူတယောက်ကို ဖမ်းဆီးပြီး ဒဏ်ငွေ ကျပ် ၄ သိန်း ပေးဆောင်ခိုင်းကာ ရုံးချိန်း သွားနေရတယ်လို့ ပြောပါတယ်။
အပျော်တမ်း မီးပုံးပျံတွေ လွှတ်တင်နေတာကို ခွင့်ပြုပြီး တောင်သူတွေရဲ့ စိုက်ပျိုးရေးဆိုင်ရာ မီးရှို့မှုကိုပဲ ရွေးချယ်တားမြစ်နေတာ၊ ဒဏ်ငွေရိုက်နေတာဟာ မတရားဘူးလို့ တောင်သူတွေက မှတ်ချက်ပြုပါတယ်။


