မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်ဆန္ဒဇောတိ အပါအဝင် ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျောင်းတိုက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီလောက်မှာ ဆရာတော်နဲ့ အရှင်ဆန္ဒဇောတိနဲ့ ကပ္ပိယနှစ်ယောက်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ဈေးကြိုရပ်ကွက်မှာရှိတဲ့ ကျောင်းဝင်းထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ တပည့် ဒကာတယောက်က ပြောပါတယ်။
“အဖွဲ့စုံပဲ ဝင်ဖမ်းသွားတာ။ ဆရာတော်က နိုင်ငံရေးလုပ်နေတာလည်း မဟုတ်ဘူးလေ။ တောင်ဝိုင်းတောင်ကို စက်ယန္တရားတွေအများကြီးသုံးပြီး တောင်ဖြိုနေတဲ့ကိစ္စကို နိုင်ငံတော်အဆင့် လူကြီးတွေသိအောင် လူမှုကွန်ရက်ပေါ် တင်တာကို ဖမ်းသွားတယ်လို့ သိရတယ်။ လက်ရှိ မုပွန်ရဲစခန်းထဲမှာ လူဝတ်လဲခိုင်းထားပြီး စစ်ဆေးနေတယ်လို့ ကြားတယ်။ ဘယ်သူနဲ့မှလည်း တွေ့ခွင့်မပေးဘူး။ စိတ်ပူတာပေါ့”
စစ်ကောင်စီကတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်ခဲ့တာကြောင့် ဖမ်းဆီးတယ်လို့ ဝါဒဖြန့် သတင်းထုတ်ပြန်ထားပေမဲ့ ဆရာတော်ရဲ့ လူမှုကွန်ရက်မှာတော့ တောင်ဝိုင်းတောင်တန်းပေါ်မှာ စစ်ကောင်စီအဖွဲ့က တောင်ဖြိုချနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း ထောက်ပြပြောဆိုထားတာပဲ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မော်လမြိုင်မြို့က တောင်ဝိုင်းတောင်ကို စက်ယန္တရားအများအပြားနဲ့ နေ့စဉ် ဖြိုဖျက်နေပြီး ရရှိလာတဲ့မြေကို စစ်အုပ်စု အကောင်အထည်ဖော်နေတဲ့ မြို့သစ်စီမံကိန်းအတွက် အသုံးချနေကြောင်းနဲ့ တောင်ဝိုင်းတောင်ဟာ မော်လမြိုင်မြို့ သဘာဝကာကွယ်မှု အုတ်မြစ်တခုဖြစ်တဲ့အတွက် တူးဖော် ဖျက်ဆီးနေတာတွေ ရပ်နားပေးကြဖို့ကိုလည်း ဒေသခံတွေက လိုလားနေကြပါတယ်။
အရှင်ဆန္ဒဇောတိဟာ သာသနာနွယ်ဖောင်ဒေးရှင်းကို ဦးဆောင်သူ ဖြစ်ပြီး လူငယ်တွေရဲ့ ပညာရေးနဲ့ လူမှုရေး အပါအဝင် ပရဟိတအလုပ်တွေကို ကူညီဆောင်ရွက်နေတဲ့ ဆရာတော်တပါး ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။







