နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် ဝေဒလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ချိပ်ပိတ်လိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
ကြေးမုံအထွေထွေရောဂါကုဆေးရုံကို စစ်ကောင်စီ တပ်၊ ရဲ၊ ထွေအုပ်နဲ့ကျန်းမာရေးဌာနက နိုဝင်ဘာ ၂၅ ရက်က ဝင်စစ်ဆေးခဲ့ပြီးနောက် ချိပ်ပိတ်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ရှောင်တခင်စစ်ဆေးတာမဟုတ်ဘူး၊ သတင်းအတိအကျရလို့ လာစစ်တဲ့ပုံစံ။ ဒက္ခိဏသီရိမှာ လူတွေ တခုခုဖြစ်ရင် ကြေးမုံဆေးရုံကိုပဲသွားကြတယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်၊ ဂရုစိုက်မှုလည်းရှိတယ်။ သတင်းကြားတာတော့ စစ်ဆေးရုံက ပါရဂူဗိုလ်မှူးတယောက်က အဲဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုပြီးတိုင်လို့ လာပြီးချိပ်ပိတ်သွားတယ်လို့ ပြောနေကြတယ်။”
လိုင်စင်သက်တမ်းကုန်တာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီး လိုင်စင်အတွက် ဆေးရုံက တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီး ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာ မသိကြောင်း ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဆေးရုံပိတ်ထားရတယ်ဆိုတာ မှန်ပါတယ်။ လိုင်စင်သက်တမ်းကုန်လို့ ပိတ်တာလို့ ဆေးရုံကပြောတယ်။ အဲ့ဒီအတွက်လည်း ဆေးရုံဘက်က တာဝန်ရှိသူတွေ လိုက်လုပ်နေတယ်၊ ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာတော့ မသိသေးဘူး။”
ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ “ကြေးမှုံဆေးရုံဟာ လိုင်စင်သက်တမ်းကုန်နေတဲ့အပြင် တရားဝင်ဆေးကုသခွင့်မရှိတဲ့ ဆရာဝန်၊ အထူးကုတွေ ခန့်ထားတဲ့အတွက် လူနာတွေအကျိုးအတွက် လုပ်ငန်းရပ်ဆိုင်းရတာ” လို့ နိုဝင်ဘာ ၂၇ ရ က်မှာ စစ်အုပ်စုနဲ့ ပြည်တွင်းသတင်းသမားတွေ စုဖွဲ့ထားတဲ့ Viber Group မှာ မေးမြန်းထားတာကို ပြန်လည်ဖြေကြားထားပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ၅ နှစ်အတွင်း ရန်ကုန်နဲ့မန္တလေး၊ ဧရာဝတီနဲ့စစ်ကိုင်းမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ပိတ်သိမ်းခံရတဲ့ ပုဂ္ဂလိကဆေးရုံပေါင်း ၅၀ နီးပါးရှိသလို ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိပါတယ်။






