
မလေးရှားမှာ ၂၀၂၅ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပနေချိန် ဒီမြင်ကွင်းရဲ့ နောက်ကွယ်မှာတော့ မြန်မာဒုက္ခသည် ၁၇၉,၄၀၀ ဟာ မလေးရှားမှာ ခိုလှုံနေကြပါတယ်။ UNHCR အဆိုအရ အဲဒီအရေအတွက်ရဲ့ တဝက်ကျော်ဟာ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့ပါတယ်။ ဒီအဖြစ်အပျက်က နိုင်ငံကို ပြည်တွင်းစစ်ထဲ တွန်းပို့ခဲ့ပါတယ်။ အခုတော့ စစ်အုပ်စုဟာ နိုင်ငံရဲ့ ထက်ဝက်ကျော်ကိုပဲ ထိန်းချုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။
အာဏာမသိမ်းခင် သုံးလအလို နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက မဲစုစုပေါင်းရဲ့ ၈၂ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့တာပါ။ ပြည်တွင်းစစ်ကြောင့် နိုင်ငံသား ထောင်ပေါင်းများစွာဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒါမတိုင်ခင် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် အကြမ်းဖက်မှုတုန်းကလည်း ရိုဟင်ဂျာ တသန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ထဲက အုပ်စုငယ်လေးတွေဟာ ဒေသတွင်းတဝိုက် ခိုလှုံခွင့်ရဖို့ ဆက်ရှာခဲ့ကြရပါတယ်။
တိုးပွားလာတဲ့ ဒုက္ခသည်အရေအတွက်က မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ပိုဆိုးလာတာကို မီးမောင်းထိုးပြနေပါတယ်။ ဒီအကျပ်အတည်းကြောင့် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါပြီ။ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ၊ စစ်အုပ်စုက လက်လွတ်ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီအတွက် အရပ်သားနဲ့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲတွေကို သေစေလောက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် သေဆုံးသူဦးရေက ဆက်လက်မြင့်တက်နေပါတယ်။
ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ ACLED ရဲ့ အဆိုအရ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ မေလကြားမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁,၁၃၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ (၁၉၇ ကြိမ်) နဲ့ ၂၀၂၄ (၆၄၀ ကြိမ်) ကာလတူတွေထက် အများကြီး ပိုများလာကြောင်း Nikkei Asia သတင်းဌာန က ဖော်ပြထားပါတယ်။
မလေးရှားမှာ ဒုက္ခသည်တွေက နေရာတိုင်းမှာ ရှိနေပါတယ်။ စားသောက်ဆိုင်၊ စူပါမားကတ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တခြား ရွှေ့ပြောင်းအလုပ်သမား သန်းပေါင်းများစွာလိုပဲ အလုပ်လုပ်နေကြပါတယ်။ သူတို့ဟာ မလေးရှားစီးပွားရေး လည်ပတ်နေအောင် ကူညီပေးနေသူတွေပါ။
အမျိုးသားတွေက မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာ အရမ်းကြောက်နေကြပါတယ်။ နေရပ်ပြန်ရောက်တာနဲ့ အဖမ်းခံရ၊ ရိုက်နှက်ခံရဖို့ သေချာသလောက် ရှိနေလို့ပါပဲ။ အဆိုးဆုံးအခြေအနေကတော့ ညှဉ်းပန်းနှိပ်စက်ခံရပြီး အသတ်ခံရနိုင်ပါတယ်။
စစ်အုပ်စုက အဲဒီလို ပြန်ပို့ခံရသူတွေကို မယုံကြည်ကြတာများပါတယ်။ သူတို့ကို PDF ထောက်ခံသူတွေအဖြစ် မကြာခဏ စွပ်စွဲလေ့ရှိပါတယ်။
ပြည်တွင်းစစ်ရှည်ကြာလာတာနဲ့အမျှ၊ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာတွေဟာ PDF တွေနဲ့ တခြား လက်နက်ကိုင်တော်လှန်ရေးသမားတွေကို ပြန်တိုက်ဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုနဲ့ ကံကြမ္မာ နဲ့ ရင်ဆိုင်နေရပါတယ်။
ဒီလို အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာက ဒီစစ်ပွဲကို ဝင်ရပ်ပေးဖို့ အာဆီယံမှာ ဘယ်လောက် အကန့်အသတ် ရှိတယ် (ဘာမှ မလုပ်နိုင်ဘူး) ဆိုတာကို ပိုပေါ်လွင်စေပါတယ်။ အာဆီယံရဲ့ "ဘုံသဘောတူညီချက် ၅ ချက်" ထဲမှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပေမဲ့ ဒါကို လျစ်လျူရှုခံထားရပါတယ်။ စစ်အုပ်စုက တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ရဲ့ ထောက်ခံမှုအပေါ် နဲ့အတူ ခေါင်းမာနေတုန်းပါပဲ။ နိုင်ငံတကာ သဘောထားကလည်း သူတို့အတွက် ဘာမှ အရေးမပါသလို ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရန်ကုန်မှာ စစ်အရာရှိကြီးတဦးနဲ့ ကျမ ရှားရှားပါးပါး တွေ့ဆုံခဲ့ပါတယ်။ သူပြောခဲ့တဲ့စကားတွေက သူတို့ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြနေပါတယ်။ သူက "ကမ္ဘာကြီးက ကျနော်တို့ကို ပိတ်ဆို့အရေးယူတော့ ဘာဖြစ်လဲ။ ကျနော်တို့ တသက်လုံး အပိတ်ဆို့ခံလာရတာ။ ကျနော်တို့မှာ ရုရှားနဲ့ တရုတ် ရှိတယ်။ ကျနော်တို့ ကိုယ်ပိုင်လက်နက်တချို့ကိုလည်း ကိုယ်တိုင်ထုတ်လုပ်တယ်" လို့ ပြောခဲ့ပါတယ်။
စစ်တပ်ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် ကြိုးပမ်းတဲ့အနေနဲ့၊ အခု ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမပိုင်းကိုကျင်းပဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ မြန်မာ့အတိုက်အခံခေါင်းဆောင်တွေက ဒီလုပ်ငန်းစဉ်ကို အတုအယောင် "sham" တခုအဖြစ် ပယ်ချထားပါတယ်။
နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ဟာ အကျဉ်းချခံထားရတုန်းပါ။ သူတို့ထဲမှာ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပြီး၊ သူကို တိုက်ပိတ်ခံထားရတယ်လို့ ယူဆရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က သူ့အမေဟာ ဆိုးဆိုးရွားရွား နေမကောင်းဖြစ်နေပြီး သင့်လျော်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သတိပေးထားပါတယ်။ သူ့အမေ ထောင်ထဲမှာပဲ ဆုံးပါးသွားမှာကို သူ စိုးရိမ်နေပါတယ်။
စစ်အုပ်စုက နိုင်ငံရေးပါတီ ၄၀ လောက်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကလည်း စစ်အုပ်စု လက်သင့်ရာ စားတော်ခေါ်ထားတဲ့သူတွေလို့ ရှုမြင်ခံနေရပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲအတွက် လေ့လာသူတွေ စေလွှတ်ပေးဖို့ အာဆီယံကို တောင်းဆိုထားပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံကို လေ့လာသူတွေ စေလွှတ်မယ့် ဆုံးဖြတ်ချက်ဟာ အာဆီယံရဲ့ စုပေါင်းဆုံးဖြတ်ချက် ဖြစ်ရပါမယ်။ ဒါကို ထိပ်သီးစည်းဝေးပွဲမှာ ဆွေးနွေးမှာ ဖြစ်ကြောင်း ဒီလအစောပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သတင်းရင်းမြစ်တွေအရ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံတချို့က လေ့လာသူတွေ စေလွှတ်တဲ့အပေါ် ကန့်ကွက်ကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံကတော့ လေ့လာသူတွေ စေလွှတ်သင့်တယ်လို့ ယုံကြည်ကြောင်း လူသိရှင်ကြား ပြောထားပါတယ်။
ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေတုန်းက မစ္စတာ ဟာဆန်က အာဆီယံဟာ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို မတားဆီးနိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ဒီပြိုင်ပွဲကို တရားမျှတပြီး အားလုံးပါဝင်နိုင်စေချင်တယ်လို့ ဆိုပါတယ်။
ဟာဆန်က အစောပိုင်းမှာ ရွေးကောက်ပွဲအတွက် ရှင်းလင်းတဲ့ စံနှုန်းတွေကို သတ်မှတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အခြေခံမူတွေကို လိုက်နာရမယ်၊ နိုင်ငံရေးပါတီအားလုံး ပါဝင်ရမယ်၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်လို့ သူက အလေးပေး ပြောခဲ့ပါတယ်။
ဒါပေမဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံပြီးနောက် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ “မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို” ရှုတ်ချခဲ့ပါတယ်။ ပါဝင်ပတ်သက်သူအားလုံးက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အရပ်သားအားလုံးရဲ့ ဘေးကင်းမှုကိုအာမခံပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတခုအတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ကြေညာချက်ထဲမှာ လေ့လာသူတွေ စေလွှတ်မယ့်အကြောင်းကိုတော့ ဘာမှ ပြောမသွားခဲ့ပါဘူး။ ဒါဟာ သဘောတူညီမှုတခု မရရှိခဲ့ဘူးဆိုတဲ့ လက္ခဏာပါပဲ။
လေ့လာသူတွေ စေလွှတ်တာဟာ ရွေးကောက်ပွဲကို တရားဝင်ဖြစ်အောင် လုပ်ပေးတာနဲ့ အတူတူပါပဲ။ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံအကျဆုံး အခြေအနေတွေကိုတောင် ပြည့်မီလိမ့်မယ်လို့ ညွှန်ပြနိုင်တာ ဘာတခုမှ မရှိပါဘူး။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားလှပါတယ်။ သြဂုတ်လက ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်တဲ့ အဖြစ်အပျက်တွေကို ပြန်လည် ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ညှဉ်းပန်းနှိပ်စက်မှု၊ ခေါင်းဖြတ်သတ်ဖြတ်မှုတွေလည်း ပါဝင်ပါတယ်။
မှတ်တမ်းတင်ထားတဲ့ တိုက်ခိုက်မှုတွေထဲက နာမည်အဆိုးဆုံး တခုကတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့တာပါ။ စစ်တပ်က စစ်ကိုင်းတိုင်း၊ စီပါရွာကို ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရ ခေါင်းဖြတ်၊ ကလီစာထုတ်ခံထားရတဲ့ အမျိုးသားအလောင်း ၃ လောင်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို မီးရှို့ပြီး ရွာထဲမှာ အပုံလိုက် ပစ်ထားတာ ဒါမှမဟုတ် ဖြန့်ကြဲထားတာမျိုး လုပ်ခဲ့ပါတယ်။
ရွာသားတဦးက "သူတို့က အလောင်းတွေကို ကြက်သားတုံးသလို တုံးထားတာ။ ခေါင်း၊ ခြေထောက်၊ လက်မောင်းတွေ၊ ပြီးတော့ ဗိုက်ကိုလည်း ဖွင့်ထားတယ်။ နှလုံးကို ပန်းကန်ပြားတချပ်ပေါ် တင်ထားခဲ့တယ်" လို့ ပြန်ပြောပြပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်သယောင် ဟန်ပြအတု ဖန်တီးချင်နေပါတယ်။ ဒီရွေးကောက်ပွဲအတွက် အသိအမှတ်ပြုမှုရအောင် ကြိုးစားနေတာပါ။ ဒါမှ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတုအယောင် ရွေးကောက်ပွဲက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း အခွင့်အလမ်း ဖြစ်သွားစေပါလိမ့်မယ်။ သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်စိမှိတ်ထားပြီး နိုင်ငံထဲကို လာပြီးရင်းနှီးမြှုပ်နှံဖို့ ပိုလွယ်ကူသွားပါလိမ့်မယ်။
လက်ရှိမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျနဲ့ ဥရောပသမဂ္ဂတို့က အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။ သောကြာနေ့တုန်းကလည်း အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာက အလုပ်သမားသမဂ္ဂတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း ၃၀၈ ဖွဲ့က "စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝ ပယ်ချဖို့" အစိုးရတွေကို တောင်းဆိုတဲ့ ထုတ်ပြန်ချက်တစောင် ထုတ်ခဲ့ပါတယ်။ သူတို့က ဒီရွေးကောက်ပွဲဟာ "ကြောက်မက်ဖွယ် အုပ်ချုပ်မှု" ကို တရားဝင်ဟန်ပြဖို့ လုပ်တဲ့ လှည့်ကွက်တခုပဲလို့ ဆိုပါတယ်။
သူတို့က ၂၀၂၅ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကိုလည်း အမှန်တရားဘက်က ရပ်တည်ပြီး စံပြဖြစ်တဲ့ ဦးဆောင်မှုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အန်ဝါ အီဘရာဟင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေအတွက် တသက်လုံး တိုက်ပွဲဝင်ခဲ့သူ၊ နိုင်ငံရေးအရ နှိပ်စက်ညှဉ်းပန်းမှုတွေကို ကိုယ်တိုင်ခံခဲ့ရသူမို့ သူ့ရဲ့အသံဟာ "အကျယ်လောင်ဆုံး" ဖြစ်ရမယ်လို့ သူတို့က ဆိုပါတယ်။
အခုလက်ရှိ အခြေအနေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသတခုလုံးရဲ့ တည်ငြိမ်မှုကို အကြီးအကျယ် ပျက်ပြားစေတဲ့ အကြောင်းရင်းတခု ဖြစ်နေပါပြီ။
အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့ တချို့နေရာတွေဟာ တရားဥပဒေမဲ့ ဖြစ်သွားပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ၊ ဒီနေရာတွေဟာ လိမ်လည်မှုစခန်း (scam centres) တွေ ရှင်သန်ကြီးထွားဖို့ မြေတောင်မြှောက်ပေးသလို ဖြစ်နေပါတယ်။ အဲဒီစခန်းတွေမှာ လူပေါင်း ၁၂၀,၀၀၀ ကျော် လူကုန်ကူးခံရပြီး ကျွန်အဖြစ် ခိုင်းစေခံနေရပါတယ်။ အလုပ်သမားတွေထဲက အများအပြားဟာ ညှဉ်းပန်းနှိပ်စက် ခံနေရပြီး တချို့က အသက်ဆုံးပါးသွားခဲ့ရပါတယ်။
ကမ္ဘာတဝန်းက လူတွေဆီက ဒေါ်လာ ဘီလီယံပေါင်းများစွာ လိမ်လည်နေတဲ့ ဒီလုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ စီးပွားရေးထဲကို စနစ်တကျ ဝင်ရောက်နေပြီး၊ အာဏာရ စစ်ကောင်စီကလည်း သူတို့နဲ့ မဟာမိတ်ဖြစ်သူတွေကို ချမ်းသာအောင် လုပ်ပေးဖို့ ဒီငွေလိမ် စီမံကိန်းတွေကို ခွင့်ပြု၊ အဆင်ပြေအောင် ကူညီပေးနေတယ်လို့ ဩစတြေးလျ မဟာဗျူဟာ ပေါ်လစီ တက္ကသိုလ်ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မငြိမ်မသက်မှု အခြေအနေကြောင့် မူးယစ်ဆေးဝါးနဲ့ တရားမဝင် လက်နက်တွေ အများအပြား နိုင်ငံထဲကနေ စီးထွက်လာတာကိုလည်း တွေ့မြင်နေရပါတယ်။
စစ်ကောင်စီကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာအောင် ဖိအားပေးဖို့ အာဆီယံမှာ ရှားရှားပါးပါး အခွင့်အရေးတခု ရနေပါပြီ။ ဒီအခွင့်အရေးကိုသာ အသုံးမချနိုင်ခဲ့ဘူးဆိုရင်၊ မြန်မာအရပ်သားတွေရော ကျန်တဲ့ အာဆီယံနိုင်ငံတွေပါ တန်ကြေးပေးဆပ်ရပါလိမ့်မယ်။ ဒီတန်ကြေးတွေကတော့ တရားဥပဒေမဲ့ အာဏာရှင်နိုင်ငံကနေ ထွက်ပေါ်လာတဲ့ ဒုက္ခသည်တွေ၊ လူကုန်ကူးမှု၊ လိမ်လည်မှုစခန်းတွေမှာ ကျွန်ပြုခံရမှု၊ ငွေကြေးဆုံးရှုံးမှု၊ မူးယစ်ဆေး ပိုမိုသုံးစွဲလာမှုနဲ့ သေနတ်ကိုင် အကြမ်းဖက်မှုတွေပဲ ဖြစ်ပါတယ်။
အေမီချူး
Ref: The Interpreter/ Lowy Institute


