Home
ဆောင်းပါး
တရုတ်မနိုင်တဲ့ ကျားဖြန့်ကို အမေရိကန် တကယ်ဝင်ကိုင်မှာလား
DVB
·
November 27, 2025

မြန်မာအခြေစိုက် ကျားဖြန့်တွေကို အမေရိကန်အစိုးရက စစ်ကြေညာလိုက်ပြီးနောက် မင်းအောင်လှိုင် တယောက် မော်လမြိုင်နဲ့ ဘားအံသို့ ကြောက်ကြောက်နဲ့ ရောက်ရှိလာတော့တယ်။

သူသည်လည်း ကျားဖြန့်တွေကို မြေလှန်တော့မယ်လို့ မော်လမြိုင်မှာ ပြောတယ်။ KK Park ကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့တောင် အပြတ်ရှင်းမယ်လို့လည်း ဘားအံမှာ ကတုန်ကရင်နဲ့ လက်သီးလက်မောင်း တန်းပြတယ်။ KK Park ထက် အဆများစွာကြီးပြီး နိုင်ငံတကာကတောင် သိရှိ အာရုံစိုက်နေတဲ့ မြဝတီ ကျားဖြန့်ဌာနချုပ် ရွှေကုက္ကိုလ်မြို့သစ်ကို ထည့်ပြောဖို့ကျတော့ မင်းအောင်လှိုင် မေ့ချင်ယောင်ဆောင်နေပြန်တယ်။

နိုဝင်ဘာ ၁၀ ရက်မှာ ထိုင်းဝန်ကြီးချုပ် အနုထင်း မြဝတီတဖက်ကမ်းက မဲဆောက်မြို့သို့ ရောက်လာကာ ကျားဖြန့်တွေကို အမျိုးသားအဆင့် စစ်ဆင်ရေးအနေနဲ့ ချေမှုန်းသွားမယ်လို့ ကြွေးကြော်သွားတယ်။ နိုဝင်ဘာ ၁၂ ရက်ရောက်တော့ လိမ်လည်မှုစင်တာ ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့ (Scam Center Strike Force) ဖွဲ့စည်းလိုက်ကြောင်း အ‌မေရိကန်က ကြေညာခဲ့တယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေး ထောက်လှမ်းမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး ဂျွန် ကေဟာလီက မြန်မာမှာလှုပ်ရှားနေတဲ့ ရာဇဝတ်ကွန်ရက်တွေဟာ အွန်လိုင်းလိမ်လည်မှုတွေကတဆင့် အလုပ်ကြိုးစားတဲ့ အမေရိကန်တွေဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူနေကြတယ်လို့ ဆိုတယ်။

အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှ အခြေစိုက် လိမ်လည်မှုလုပ်ငန်းများကြောင့် အမေရိကန်နိုင်ငံသားတွေဟာ အနည်းဆုံး ကန်ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရပြီးပြီလို့လည်း သိရတယ်။ ဆိုတော့ မြန်မာအခြေစိုက် တရုတ်ရာဇဝတ်ဂိုဏ်း ကျားဖြန့်တွေက အမေရိကန်ရဲ့ အကျိုးစီးပွားကို တည့်တည့်ကြီး ထိပါးလာပြီ ဆိုတဲ့သဘော။ ကျားဖြန့်တိုက်ဖျက်ရေး FBI အေးဂျင့်တွေတောင် ထိုင်းနိုင်ငံ ရောက်နေပြီဆိုတော့ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအဆင့်ကနေ နောက်တလှမ်း ခပ်ပြင်းပြင်းလှမ်းလိုက်တာ သေချာတယ်။

အမေရိကန်က အရှေ့တောင်အာရှ ကျားဖြန့်တိုက်ဖျက်ရေးခွင်ထဲ ဝင်လာပြီဖြစ်ကြောင်း ကြေညာတဲ့ နိုဝင်ဘာ ၁၂ ရက်မှာပဲ တရုတ်အစိုးရ အလိုရှိနေတဲ့ ကျားဖြန့်တို့ရဲ့အရှင် ရှီကျင့်ကျန်းကို ထိုင်းအစိုးရက တရုတ်သို့ လွှဲပြောင်းလိုက်ခြင်းကလည်း တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ ရှီကျင့်ကျန်း ဆိုတာက ရွှေကုက္ကိုလ်မြို့သစ်ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ။ ရွှေကုက္ကိုလ် ကျားဖြန့်ဌာနချုပ်ရဲ့ လက်မဲကြီးအဖြစ် ကမ္ဘာက သံသယရှိသူ။ ၂၀၂၂ ခုနှစ်မှာ ထိုင်းအစိုးရက ရှီကျင့်ကျန်းကို ဖမ်းဆီးခဲ့ပြီးနောက် အခုကျမှ တရုတ်အစိုးရလက်ထဲ ကောက်ကာငင်ကာ ထိုးအပ်လိုက်တာ ဘာကြောင့်ပါလိမ့်။

ရှီကျင့်ကျန်း ဖမ်းဆီးခံရတဲ့အချိန် Al Jazeera သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ သူက တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ သူလျှိုဖြစ်တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ ဆိုတော့ ရှီကျင့်ကျန်းနဲ့ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာအစိုးရတွေရဲ့ကြား ပတ်သက်ဆက်စပ်မှုတွေလည်း  ရှိနိုင်တာကြောင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် အမေရိကန် ဝင်လာချိန်မှာ အမေရိကန် လက်ဦးမှုမရခင် တရုတ်က ရှီကျင့်ကျန်းကို မြန်မြန်ဆန်ဆန် ကောက်သိမ်းလိုက်တာများလားလို့ ဆက်တွေးနိုင်တယ်။

ဆက်တိုက်ဆိုသလိုပဲ နိုဝင်ဘာ ၁၄ ရက်မှာ တရုတ်အစိုးရက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ကူမင်းမှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ ကျားဖြန့်တိုက်ဖျက်ရေး အရှိန်မြှင့်ကြဖို့ သဘောတူခဲ့ကြတယ်လို့ သိရပြန်တယ်။ အမေရိကန်နဲ့ တရုတ် ကျားဖြန့် ပူးပေါင်းတိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု တစုံတရာ ရှိတယ်လို့တော့ မကြားရသေးပါဘူး။ ဆိုတော့ တရုတ်ကြီး ပြောလေ့ရှိတဲ့စကားအတိုင်း ဒေသတွင်းပြဿနာ ဒေသတွင်းနိုင်ငံတွေသာ ပူးပေါင်းဖြေရှင်းကြမယ်ဆိုပြီး အမေရိကန် ဝင်ရောက်လာမှုအပေါ် အရေးပေါ်တုံ့ပြန်ချက်အဖြစ် ကပျာကယာ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ခြင်းလို့ နားလည်ရပါတယ်။

နောက်ထပ် ထွက်ပေါ်လာတဲ့ မေးခွန်းက တရုတ်အစိုးရကိုယ်တိုင်ကရော တရုတ်ရာဇဝတ်ဂိုဏ်းတွေ ဦးဆောင်တဲ့ မြန်မာ အပါအဝင် အရှေ့တောင်အာရှ ကျားဖြန့်ဂိုဏ်းတွေကို အမှန်တကယ် နှိမ်နင်းလိုစိတ်နဲ့ နှိမ်နင်းနိုင်စွမ်းရှိရဲ့လား ဆိုတာပါပဲ။

၂၀၂၃ ခုနှစ်မှာ တရုတ်အစိုးရက သူ့ရဲ့နယ်စပ်မှာ အခိုင်အမာ အထိုင်ချပြီး တရုတ်နိုင်ငံသားတွေဆီက အကြီးအကျယ် ငွေလိမ်နေတဲ့ လောက်ကိုင် ကျားဖြန့်ဂိုဏ်းကို ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ ပြတ်ပြတ်သားသား ချေမှုန်းခဲ့တာ အားလုံးမျက်မြင်ပါပဲ။ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား ငွေလိမ်နေတဲ့ လောက်ကိုင် ကျားဖြန့်ဂိုဏ်းကို ၁၀၂၇ စစ်ဆင်ရေးက မြေလှန်ပေးခဲ့သလို တရုတ်အစိုးရကလည်း အထူးတပ်ဖွဲ့တွေ စေလွှတ်ပြီး ရှင်းလင်းခဲ့တာပါ။ လောက်ကိုင်ဂိုဏ်းကို ဖြိုခွင်းစဉ်က ကျားဖြန့် အတိုအစများစွာကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ကျားဖြန့်များစွာလည်း လွတ်မြောက်သွားခဲ့ပါတယ်။ ကိုးကန့်တပ် MNDAA ရဲ့ အသေးစိတ် ပိတ်ဆို့မှုတွေကြားကပဲ လောက်ကိုင် ကျားဖြန့်ဂိုဏ်းချုပ်တွေအဖြစ် တရုတ် ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်အုပ်စုသစ္စာခံ ကိုးကန့်အုပ်ချုပ်ရေးခေါင်းဆောင်ဟောင်း၊ ကြံ့ဖွံ့အမတ်ဟောင်း ပယ်ဆောက်ချိန်တို့ တသိုက်လည်း မြေလျှိုးမိုးပျံသွားသလို အစရှာမရ ပျောက်ဆုံး၊ စစ်ဗိုလ်ချုပ်တွေရဲ့ အကူအညီမပါဘဲ နေပြည်တော် မရောက်နိုင်ဘူးဆိုတာ တရုတ်ကြီး ကောင်းကောင်းသိပါတယ်။ (တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားကြောင့်သာ ပယ်ဆောက်ချိန်တို့ တသိုက်ကို ၂၀၂၄ ဇန်နဝါရီ ၃၀ မှာ တရုတ်လက်ထဲ မင်းအောင်လှိုင် ထိုးကျွေးခဲ့တာပါ။)

အဲဒီလိုပဲ လောက်ကိုင် ကျားဖြန့်များစွာ နေပြည်တော်ကိုဖြတ်ပြီး မြဝတီသို့ စီးကရက်ခဲမပျက် ရောက်ရှိသွားတာကလည်း ကယ်ရီခ မြက်မြက်လေးရရင် ကုန်းပိုးစီးပို့ဖို့ ဝန်မလေးတဲ့ စစ်အုပ်စုဝင်တွေကြောင့် ဆိုတာ တရုတ်သိပါတယ်။ အဲဒါကြောင့်လည်း လောက်ကိုင်ပြိုပြီး သိပ်များမကြာ သောင်ရင်းမြစ်တကြော ကျားဖြန့်တွေ တောထလာတာ အားလုံးမျက်မြင်ပါပဲ။

ကျားဖြန့်တွေက ငွေတင်လိမ်တာမဟုတ်ဘဲ ငွေလိမ်ဖို့ရာအတွက် နိုင်ငံတကာက လူတွေကိုပါ လိမ်ခေါ်ကာ အကျဉ်းချ နှိပ်စက် အလုပ်ခိုင်းစေတာကိုပါ တွင်တွင်ကျယ်ကျယ် ကျင့်သုံးခဲ့တယ်။ သောင်ရင်းမြစ်တကြောက ကျားဖြန့်တွေဟာ တရုတ်နိုင်ငံသားတွေရဲ့ ငွေတွေကို ဆက်လက် လိမ်လည်နေပေမဲ့ တရုတ်က မမြင်ချင်ယောင် ဆောင်နေခဲ့သေးတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီရောက်တော့ တရုတ်မင်းသား ဝမ်ကျင်း ထိုင်းသို့ရောက်ပြီးနောက် ပျောက်ဆုံးသွားတဲ့သတင်းက တရုတ်ဆိုရှယ်မီဒီယာကနေ နိုင်ငံတကာမီဒီယာ ပလက်ဖောင်းပေါ်အထိ ကျယ်ပြန့်ကာ တရုတ်ပြည်သူတွေကြား ဝေဖန်သံတွေ ပြင်းထန်လာမှပဲ တရုတ်အစိုးရလည်း မဖြစ်မနေ ဒေါသထွက်ပြရတော့တယ်။

ကျားဖြန့်ဂိုဏ်း၊ လူမှောင်ခိုဂိုဏ်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိရောက်စွာ ချိုးနှိမ်နိုင်ရေး အပြင်းအထန် ဖိအားပေး လုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချထားကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့သလို မြဝတီ ကျားဖြန့်ဂိုဏ်းကို ခြေရာခံမိပြီဖြစ်ပြီး အစွမ်းကုန် ချေမှုန်းသွားမယ်လို့လည်း ဆိုတယ်။ ဇန်နဝါရီ ၂၁ ရက်၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပတဲ့ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ ပါဝင်တဲ့ အစည်းအဝေးက တရုတ်မာဖီးယား ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးရေးနဲ့ ကျားဖြန့်ပပျောက်အောင် နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သဘောတူခဲ့ကြသေးတယ်။

ပြီးတော့ ကျားဖြန့်တွေကို ပူးပေါင်းနှိမ်နင်းမယ်ဆိုတဲ့ ဇင်ယော်စစ်ဆင်ရေးကို တရုတ်၊ ထိုင်းနဲ့ မြန်မာ စတင်လိုက်တယ်။ အဲဒီစစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် ထိုင်းအစိုးရက မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူ အပါအဝင် နယ်စပ်မြို့ ၅ မြို့ကို လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ တင်သွင်းမှုများ ရပ်ကာ ဖြတ် ၃ ဖြတ်နဲ့ ကျားဖြန့် ရေသောက်မြစ်တွေကို ဖြတ်ပစ်လိုက်တယ်။

ဖေဖော်ဝါရီ ၂၁ ရက်မှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး Mr. Liu Zhongyi ကိုယ်တိုင် မဲဆောက်မြို့ကို လာရောက်ပြီး ကြီးကြပ်ခဲ့သလို မြဝတီဘက်တောင်ကူးပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သေးတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ပြာယာခတ်ပြကာ ရွှေကုက္ကိုလ်ထဲလည်း ဝင်စီးပြ။ တရုတ်မင်းသား ဝမ်ကျင်း အပါအဝင် လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ထောင်ချီ ပြန်လွှတ်။ ဇန်နဝါရီ ၁၅ ရက်မှာလည်း ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နဲ့ တရုတ်လုပ်ငန်းရှင်လို့ ဆိုသူတွေ မြဝတီခရိုင် နယ်ခြားစောင့်တပ်ဌာနချုပ်မှာ အရေးပေါ် အစည်းအဝေး ပြုလုပ်၊ ကျားဖြန့်မလုပ်ဖို့၊ လူကုန်ကူးတာ မလုပ်ဖို့ ပြောကြ ဆိုကြ သရုပ်ဆောင်ကြ။

တရုတ်ကြီးက ဟုတ်ပြီဆိုပြီး လှည့်ထွက်သွားတော့ မြဝတီမှာ ကျားဖြန့်တွေ ခေါင်းပြန်ထောင်တော့တယ်။ ထိုင်းအင်တာနက် မရတော့ပေမဲ့ စတားလင့်ခ်နဲ့ အလုပ်ပြန်ဖြစ်တယ်။ ထိုင်းလောင်စာဆီ မရတော့ စစ်တပ် ထိန်းချုပ်နယ်မြေတွေကနေ လောင်စာဆီ တင်သွင်းတယ်။ လျှပ်စစ်မီးအတွက် မီးစက်တွေက အသင့်။

ဇင်ယော်စစ်ဆင်ရေးက မြဝတီ ကျားဖြန့်တွေကို ပူစပ်ပူလောင်ဖြစ်သလောက် နာသွားတာက သေချာတယ်။ ပြီးတော့ ဇင်ယော်စစ်ဆင်ရေးအပြီးမှာ ကျားဖြန့်တွေ အရင်လို ထင်ရာမစိုင်းရဲတော့ဘဲ လူကုန်ကူးမှု လျော့ပါးသွားတာ တွေ့ရတယ်။ (ဒါကလည်း ထိုင်းအစိုးရက ထိုင်းကနေ မြဝတီဘက် အဝင်လမ်းကြောင်းတွေကို တင်းကျပ်ပစ်လိုက်တာကြောင့် လုပ်ရခက်လို့ လျော့သွားတာလည်း ဖြစ်နိုင်တယ်)

နောက်ထပ် အပြောင်းအလဲတခုက မျိုးချစ်ကျားဖြန့်ဆိုတဲ့ ဝေါဟာရ ထွက်ပေါ်လာခြင်းပါပဲ။ မျိုးချစ် ကျားဖြန့်ရဲ့ ထင်ရှားတဲ့ အနက်အဓိပ္ပာယ်က တရုတ်-တရုတ်ချင်း ငွေမလိမ်ဘူး ဆိုတာပါ။ တရုတ်ရာဇဝတ်ဂိုဏ်း ကျားဖြန့်တွေက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား ငွေမလိမ်တော့ဘူး ဆိုတာ ကျားဖြန့်တွေ နေ့ချင်းညချင်း မျိုးချစ်စိတ် ထက်သန်သွားခြင်းတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေ တစ်က တရုတ်ကြီး နောက်တကြိမ် အမျက်ကြီးလာရင် ပိုမိုပြင်းထန်တဲ့ ချေမှုန်းမှုမျိုး ကြုံရနိုင်ခြေ ရှိတာကြောင့် ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်လိုက်ခြင်းပါ။ ဒုတိယဖြစ်နိုင်ခြေကတော့ တရုတ်အာဏာပိုင်တွေ ကိုယ်တိုင်က တရုတ်နိုင်ငံသားတွေကို ကျားဖြန့်မလုပ်ရင် ငါတို့လည်း မင်းတို့ကို ဘာမှမလုပ်ဘူးလို့ တရားမဝင် လမ်းညွှန်ချက် ရာဇသံပေးလိုက်သလား ဆိုတာပါပဲ။ ဘာလို့ဆိုတော့ ဇင်ယော်စစ်ဆင်ရေးအပြီး မြဝတီမှာ ကျားဖြန့်တွေ ပြန်လည်ထကြွ သောင်းကျန်းနေပေမဲ့ တရုတ်ကြီးဘက်က ဘာသံမှ ထပ်မထွက်တော့သလို ဒီဘက်နောက်ပိုင်း မြဝတီကျားဖြန့်တွေရဲ့ လိမ်လည်မှုပစ်မှတ်ဟာ အမေရိကန်၊ အိန္ဒိယနဲ့ ဂျပန်ဘက် ရွေ့သွားကြောင်း တွေ့ရှိချက် မှတ်တမ်းတွေကြောင့်ပါပဲ။

မျက်မြင်တွေ့ရှိချက်တွေအရ မြန်မာအခြေစိုက် တရုတ်ရာဇဝတ်ဂိုဏ်း ကျားဖြန့်တွေကို တရုတ်အစိုးရရဲ့ ချေမှုန်းမှုက အကန့်အသတ်နဲ့သာ ထိရောက်မှုရှိပါတယ်။ ကမ္ဘာပတ်လိမ်နေတဲ့ တရုတ်ကျားဖြန့်တွေကို အမြစ်လှန် ချေမှုန်းရေးဟာ တရုတ်အစိုးရမှာ အဓိက တာဝန်ရှိပေမဲ့ အခု အမေရိကန် ဝင်ပါလာရခြင်းက တရုတ်အစိုးရနဲ့တင် မလုံလောက်တော့ဘူးလို့လည်း အဓိပ္ပာယ် ထွက်ပါတယ်။

အခု အမေရိကန်က ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့  ဖွဲ့လိုက်ရုံရှိသေး၊ တရုတ်ကြီးလည်း ပြာယာခတ်ကာ ကူမင်းမှာ ကျားဖြန့် အရေးပေါ်အစည်းအဝေး ခေါ်ရခြင်းနဲ့ မင်းအောင်လှိုင်နဲ့ BGF ယောက်ယက်ခတ်နေရခြင်းက တရုတ်အစိုးရအတွက် အရှက်ရစရာပါ။

ဒါပေမဲ့ အမေရိကန်ကရော မြန်မာအခြေစိုက် တရုတ်ရာဇဝတ်ဂိုဏ်း ကျားဖြန့်တွေကို တကယ် မြေလှန်နိုင်ပါ့မလား ဆိုတာကလည်း စောင့်ကြည့်ရပါဦးမယ်။

ဝင်းမိုး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013