
ကမ္ဘာ့အဆင့် ၆ မြေရှားသတ္တု ထုတ်လုပ်သူ ဖြစ်လာတဲ့ ထိုင်းနိုင်ငံဟာ ခိုရတ်ကနေ ဘူရီရမ်အထိ အရှေ့မြောက်ပိုင်းမှာ ကြီးမားတဲ့ သတ္တုသိုက်တွေ ပိုင်ဆိုင်ထားပြီး အာဆီယံရဲ့ ဗဟိုချက်အသစ် ဖြစ်လာဖို့ လမ်းခင်းနေပါတယ်။
ယနေ့ခေတ် ကမ္ဘာကြီးမှာ မြေရှားသတ္တုတွေ ထိန်းချုပ်နိုင်စွမ်းဟာ ကမ္ဘာ့နည်းပညာလောကကို စိုးမိုးနိုင်စွမ်းနဲ့ ညီမျှလာနေပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ ထိုင်းနိုင်ငံဟာ အာရှရဲ့ အလားအလာ အကောင်းဆုံး ကစားသမားသစ်တွေထဲက တယောက် ဖြစ်လာပါတယ်။
အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) နဲ့ Investing News Network (INN) တို့ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွေအရ အခုဆိုရင် ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ အဆင့် ၆ နေရာကို ရောက်နေပါပြီ။
တနှစ်ကို မက်ထရစ်တန် ၁၃,၀၀၀ အထိ ထုတ်လုပ်နိုင်နေပါတယ်။ တနှစ်တည်းအတွင်း ၂၆၁ ရာခိုင်နှုန်းဆိုတာ အံ့အားသင့်စရာ တိုးတက်မှုနှုန်းပါပဲ။
အဓိကမေးခွန်းကတော့ ဒီမြေရှားသတ္တုတွေဟာ ထိုင်းမြေအောက် ဘယ်နေရာမှာ ပုန်းကွယ်နေကြတာလဲ။
ထိုင်းမြေအောက် ကြွယ်ဝမှု- ခိုရတ် ကနေ ဘူရီရမ် အထိ
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၊ အထူးသဖြင့် နခွန်ရတ်ချာစီမာ (ခိုရတ်) နဲ့ ဘူရီရမ် ဒေသတွေကို မြေရှားသတ္တုတွေ ရှိနေနိုင်တဲ့ သဘာဝအရင်းအမြစ် နေရာတွေအဖြစ် အတော်လေး စိတ်ဝင်စားမှု များနေပါတယ်။
ဘူမိဗေဒဆိုင်ရာ လေ့လာမှုတွေအရ အဲဒီနေရာတွေက နုန်းမြေလွှာတွေထဲမှာ မြေရှားသတ္တုဒြပ်စင် (REEs) တွေ ကြွယ်ဝနေတာကို တွေ့ရပါတယ်။ (ဥပမာ - နီယိုဒီမီယမ် (Nd)၊ ပရေစီယိုဒီမီယမ် (Pr)၊ ဒစ္စပရိုစီယမ် (Dy) နဲ့ ရစ်ထရီယမ် (Y))
ဒီဒြပ်စင်တွေဟာ ခေတ်မီနည်းပညာရဲ့ အသက်သွေးကြောတွေပါ။ လျှပ်စစ်ကား (EV) မော်တာတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေ၊ ကွန်ပျူတာ ချစ်ပ်ပြားတွေ၊ စမတ်ဖုန်းတွေနဲ့ ဂြိုဟ်တုစနစ်တွေကို စွမ်းအင်ပေးနေတာ ဒီဒြပ်စင်တွေပါပဲ။
သူတို့သာမရှိရင် Tesla ကားတွေလည်း ရှိမှာမဟုတ်၊ iPhone တွေလည်း ရှိမှာမဟုတ်ဘူး။ အဆင့်မြင့် ကာကွယ်ရေး နည်းပညာတွေတောင် ရှိလာမှာ မဟုတ်ပါဘူး။
Neo Magnequench ကုမ္ပဏီ- ထိုင်းနိုင်ငံရဲ့ မြေရှားသတ္တုကွင်းဆက်ကို အားဖြည့်ခြင်း
ထိုင်းနိုင်ငံရဲ့ အဓိက မှတ်တိုင်တခုကတော့ နခွန်ရတ်ချာစီမာ (ခိုရတ်) မှာရှိတဲ့ Neo Magnequench ကုမ္ပဏီရဲ့ စက်ရုံပါပဲ။ ဒီစက်ရုံက ကမ္ဘာ့လျှပ်စစ်ကားနဲ့ အီလက်ထရောနစ် လုပ်ငန်းတွေအတွက် အမြဲတမ်း သံလိုက်ဓာတ်ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
ဒီကုမ္ပဏီဟာ ဒေသတွင်း မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက် (supply chain) မှာ အရေးအပါဆုံး ချိတ်ဆက်မှုတခု ဖြစ်လာခဲ့ပါပြီ။
တရုတ်နိုင်ငံက BYD လိုမျိုး နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေကလည်း ထိုင်းနိုင်ငံမှာ EV ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၄၈၆ သန်း (ဘတ်ငွေ ၁၇ ဘီလီယံ ခန့်) ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ဒီအချက်က ထိုင်းနိုင်ငံဟာ “အာဆီယံ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်ရဲ့ ဗဟိုချက်” အဖြစ် ပေါ်ထွက်လာတာကို ပိုပြီး ထင်ရှားစေပါတယ်။
ထိုင်းနိုင်ငံ - ကမ္ဘာ့အဆင့် ၆ မြေရှားသတ္တု ထုတ်လုပ်သူ
၂၀၂၄ ခုနှစ် ကမ္ဘာ့ထုတ်လုပ်မှု အဆင့်သတ်မှတ်ချက်အရ မြေရှားသတ္တု အများဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ -
၁။ တရုတ် - မက်ထရစ်တန် ၂၇၀,၀၀၀
၂။ အမေရိကန် - မက်ထရစ်တန် ၄၅,၀၀၀
၃။ မြန်မာ - မက်ထရစ်တန် ၃၁,၀၀၀
၄။ သြစတြေးလျ - မက်ထရစ်တန် ၁၃,၀၀၀
၅။ နိုင်ဂျီးရီးယား - မက်ထရစ်တန် ၁၃,၀၀၀
၆။ ထိုင်း - မက်ထရစ်တန် ၁၃,၀၀၀
၇။ အိန္ဒိယ - မက်ထရစ်တန် ၂,၉၀၀
၈။ ရုရှား - မက်ထရစ်တန် ၂,၅၀၀
၉။ မဒါဂတ်စကာ - မက်ထရစ်တန် ၂,၀၀၀
၁၀။ ဗီယက်နမ် - မက်ထရစ်တန် ၃၀၀
ထိုင်းနိုင်ငံဟာ ဥရောပနဲ့ အာရှနိုင်ငံ တော်တော်များများကို နှစ်အနည်းငယ်အတွင်း ကျော်တက်သွားပြီး အရှိန်အဟုန်နဲ့ တိုးတက်လာတာပါ။ ဒါကြောင့် ကမ္ဘာ့အလျင်မြန်ဆုံး တိုးတက်နေတဲ့ မြေရှားသတ္တု ထုတ်လုပ်သူအဖြစ် မှတ်ကျောက်တင်ခံရပါတယ်။
မြေရှားသတ္တု စစ်ပွဲခေတ်ထဲက ထိုင်းနိုင်ငံရဲ့ မဟာဗျူဟာမြောက် အလားအလာ
အမေရိကန်နဲ့ တရုတ်ကြားမှာ ဖြစ်ပွားနေတဲ့ “မြေရှားသတ္တုစစ်ပွဲ” ကြောင့် နိုင်ငံအများအပြားဟာ တခြားရွေးချယ်စရာ ထောက်ပံ့ရေးလမ်းကြောင်းတွေကို လိုက်ရှာလာကြပါတယ်။
ဒီအချိန်မှာ ထိုင်းနိုင်ငံဟာ အဓိက အကြောင်းရင်း သုံးချက်ကြောင့် မဟာဗျူဟာအရ အရေးအပါဆုံး ဗဟိုချက်တခု ဖြစ်လာခဲ့ပါတယ်။
၁။ အဖိုးတန် နေရာ
အာဆီယံရဲ့ ဗဟိုချက်မှာ တည်ရှိနေတဲ့အတွက် ထိုင်းနိုင်ငံဟာ တရုတ်၊ လာအို၊ မလေးရှားတို့ကို ချိတ်ဆက်ပေးမယ့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ သယံဇာတ စင်္ကြံလမ်းတွေပေါ်မှာ ရှိနေပါတယ်။
၂။ BCG နဲ့ EV hub မူဝါဒ
ထိုင်းအစိုးရရဲ့ BCG (ဇီဝ-သံသရာ-အစိမ်းရောင်) မူဝါဒနဲ့ EV ကားထုတ်လုပ်မှု ဗဟိုချက် (EV hub) မဟာဗျူဟာတွေဟာ ပြည်တွင်း မြေရှားသတ္တု သယံဇာတတွေကို ရေရှည်တည်တံ့အောင် အသုံးပြုဖို့အတွက် အထောက်အကူ ပေးနေပါတယ်။
၃။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာခြင်း
တရုတ်၊ ဂျပန်၊ ကနေဒါနဲ့ ဥရောပက ရင်းနှီးမြှုပ်နှံသူတွေဟာ ထိုင်းနိုင်ငံမှာ သူတို့ရဲ့ ထုတ်လုပ်ရေး အခြေစိုက်စခန်းတွေရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။
အနာဂတ်ကို အားဖြည့်ခြင်း- မြေရှားသတ္တု သန့်စင်ပြုပြင်ရေး ဗဟိုဌာန ဖြစ်လာဖို့ ထိုင်းနိုင်ငံ လျှောက်လှမ်းရမယ့် လမ်း
ထိုင်းနိုင်ငံသာ မြေရှားသတ္တုတွေကို ထုတ်ယူ သန့်စင်တဲ့ နည်းပညာတွေ၊ ပြန်လည်အသုံးပြုတဲ့ နည်းပညာတွေကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့မယ်ဆိုရင် အလားအလာကောင်းတွေ အများကြီး ရှိပါတယ်။
ကုန်ကြမ်းရောင်းချသူ အဆင့်ကနေ အာဆီယံဒေသတွင်း မြေရှားသတ္တု သန့်စင်ပြုပြင်ရေး ဗဟိုဌာန (processing centre) အဖြစ် လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်။
နိုင်ငံတိုင်းက သန့်စင်စွမ်းအင် စီးပွားရေးစနစ်ဆီကို အရှိန်အဟုန်အပြည့်နဲ့ သွားနေကြတဲ့ ဒီခေတ်ကြီးမှာ မြေရှားသတ္တုတွေဆိုတာ ရိုးရိုးသတ္တုတွေ မဟုတ်တော့ပါဘူး။
သူတို့ဟာ ၂၁ ရာစုရဲ့ “ရေနံသစ်” တွေ ဖြစ်လာနေပါပြီ။
Ref: The Nation Thailand


