
(က)
နာရီပေါင်းများစွာ ကြားနေရတဲ့ ရထားခုတ်သံ...။
သူ့ခန္ဓာကိုယ်ဟာ ပုခက်လွှဲသလို ယိမ်းထိုးလှုပ်ခါ ဖြစ်နေတယ်။ ကျောက်မီးသွေး မီးခိုးမှိုင်းစတွေဟာ နှင်းထုနဲ့အတူရောပြီး သူစီးလာတဲ့ အမိုးမပါတဲ့ ရထားတွဲပေါ် ကျလာနေတယ်။ ရထားပေါ်မှာ ချောင်းဟန့်သံ ညည်းသံနဲ့ အိပ်ပျော်လို့ဟောက်တဲ့ အသံကလွဲပြီး တခြား ဘာသံမှ မကြားရတော့ဘူး။
သူဟာ မီးခိုးတွေကြား မိုးသားတွေကြား မထင်မရှား လိုက်ပါလာနေတဲ့ လမင်းကြီးကို မော့ကြည့် နေမိတယ်။
ဆိုက်ဗေးရီးယားဆောင်းဟာ အဝတ်စလွတ်နေတဲ့ သူ့နဖူးပြင်ကို ကျားလျှာနဲ့ပွတ်သလို ဖြစ်နေတယ်။
ဇနီးဖြစ်သူရဲ့ အသက်ရှူသံကို ခက်ခက်ခဲခဲ သူ နားစွင့်နေရတယ်။ ရထားခုတ်သံနဲ့ လေတိုး သံတွေကြားမှာ ဇနီးဖြစ်သူရဲ့ အသက်ရှူသံဟာ ငွေ့ငွေ့လေးသာ ကြားရသလို ရှိနေတယ်။ သူမသည်ကော အိပ်ပျော်နိုင်ပါရဲ့ လား...။
ဒီကျောက်မီးသွေးနဲ့မောင်းတဲ့ ရထားကြီးထဲမှာ အကျဉ်းသားတွေ၊ အလုပ်သမားတွေ စစ်သားတွေနဲ့အတူ ဆိုက်ဗေးရီးယား အနောက်ပိုင်းတခွင်ကို ကန့်လန့်ဖြတ်ပြီး လိုက်ပါလာခဲ့တာ သုံးရက်ရှိခဲ့ပြီ။ လူသူ ကြဲပါးလှတဲ့တောင်ကုန်းနဲ့ တောင်ကတုံးတွေကို ဖြတ်ကျော်လာခဲ့ကြတယ်။ ထင်းရှူးတော ဝက်သစ်ချတော မြက်ရိုင်းတောတွေထဲ တိုးဝင်လာခဲ့ကြတယ်။ အားလူးပုတ်နဲ့ ဂေါ်ဖီထုပ်အနွမ်းတချို့ကို ပြုတ်ပြီး စားခဲ့ကြရတယ်။
ရထားတွဲထဲ အာဟာရပြတ်ပြီး နာရီမခြား ရှေ့ဆင့်နောက်ဆင့် ဖျားနာသေဆုံးသွားတဲ့ အကျဉ်းသမားနှစ်ယောက်ကို တွဲပေါ်က တွန်းချထားခဲ့ကြရတယ်။
‘မင်ဒယ်လ်စတန်း’ ဟာ နှာခေါင်းထဲ စူးစူးရှရှ တိုးဝင်လာတဲ့ ဆို့ကြပ်အခံရခက်မှုကို အသက်အောင့် မျက်စိမှိတ် နှုတ်ခမ်းကိုက်ပြီး သတိရတချက် မရတချက် ဖြစ်နေခဲ့တယ်။ သူ့ခန္ဓာကိုယ်ဟာ လေထဲမှာ ပေါလောမျောနေတယ်လို့ သူထင်နေခဲ့တယ်။
(ခ)
မိခင်ဖြစ်သူရဲ့ စန္ဒရားလက်သံကို သူ ဘယ်တော့မှ မမေ့နိုင်ဘူး။ ပိုလန် ဂီတ သူရဲကောင်းကြီး ‘ရှိုပင်’ ရဲ့ တေးသွားတပိုဒ်ကို မိခင်ဖြစ်သူဟာ စန္ဒရားခလုတ်တွေအပေါ် မထိတချို့ ထိတချို့ တို့ဖိ တွန်းတိုက် တီးခတ်နေတဲ့ အသံကို သူ စွဲလန်းနှစ်သက်ခဲ့ရတယ်။ ဂီတ သင်တန်းသားတချို့ကို ‘ရှိုပင်’ ရဲ့ တေးသွားတွေအကောင်း ရှင်းပြနေတဲ့ မိခင်ရဲ့ အသံကို သူ ကြားလာရတယ်။
ရှည်သွယ်သွယ် အရပ်အမောင်းနဲ့ စကားပြောချိုတဲ့ မိခင်ဟာ သူ့ ငယ်ဘဝရဲ့ အလင်းရောင် တခုဖြစ်တယ်။ လေညှင်းကလေးဖြစ်တယ်။ ယဉ်ကျေးမှု အနုပညာ လူသားတဦးအဖြစ် သူ့ဘဝကို စတင် ထုဆစ်ပေးခဲ့သူ...။ သူ့မိခင်ကို သူ အချစ်ဆုံး။
ယဉ်ပါးနေပြီဖြစ်တဲ့ ဒေါင်းတကောင်နဲ့အတူ
ရှိနေခဲ့ဖူးတဲ့ သူ့ရဲ့ငယ်ဘဝ
သူတို့က သက်တန့်တခုကို
သူ စားသုံးဖို့ဆိုပြီး ပေးထားခဲ့တယ်၊
နှင်းဆီပွင့်တွေ ရိုက်ထားတဲ့ ကြွေပန်းကန်နဲ့
နို့ထည့်ပြီး တိုက်ခဲ့တယ်၊
သူ့ဘေးမှာ ကြယ်တွေ ဝန်းရံပြီး ချထားခဲ့တယ်။
တနေ့တော့ ကိဖ်မြို့ထဲမှာတိုက်ပွဲတွေ ဖြစ်လာခဲ့တယ်လေ။ တိုက်ပွဲပြီးပြီးချင်း မြို့ထဲကို သူ ရောက်သွားတယ်။ မြို့ထဲမှာ သူ့မိခင်မျက်နှာ တပ်ထားတဲ့ မိန်းမတချို့ကို သူတွေ့ရတယ်။
ကိဖ်မြို့ထဲကို ဖြတ်ပြီး
လမ်းပျက် လမ်းအိုတွေကို ဖြတ်ပြီး
မိန်းမတချို့ဟာ
သူတို့ရဲ့လင်သားတွေကို လိုက်ရှာနေကြတယ်၊
သူတို့ကို ငါ မြင်ဖူးခဲ့ပြီးပြီ
ဖြူယော်တဲ့ ဖယောင်းပါးပြင်နဲ့
ခြောက်သယောင်းနေတဲ့ မျက်လုံးများ...။
ရုတ်တရက်ဆိုသလို တဖက်ကိုလှည့်ကြည့်လိုက်တော့ သူ့ဘေးမှာ ဇနီးဖြစ်သူ ထိုင်နေတာ တွေ့လိုက်ရတယ်။ သူ့ဇနီးရဲ့ ငုံ့ကြည့်နေတဲ့ မျက်နှာက သူနဲ့ နီးလာလိုက် ဝေးသွားလိုက်။
လွင့်မျောကြဲပါးနေတဲ့ သူ့စိတ်တွေကို အားယူ စုစည်းပြီး အိပ်မပျော်တဲ့ညတွေကို ရေတွက်ကြည့်နေမိပြန်တယ်။ မှုန်ရီမှိုင်းပြစွာ တရွေ့ရွေ့ တွားသွားနေသော ညများ။
ငါ့ဇနီးဟာ ငါ့ဘေးမှာထိုင်ရင်း
ငါးညတိတိ မအိပ်စက်ပဲ ရှိနေခဲ့တယ်
အဲဒီ ငါးညစလုံး
အစောင့်တွေဆီကိုပဲ
မျက်လုံးတဖက် မှေးမှိတ်ထား ငေးကြည့်ရင်း
မိုးစင်စင် လင်းခဲ့ကြရပြီ။
ဒီဒေသကို သူရောက်လာခဲ့တဲ့အခါ မဲဇာကို အပို့ခံရတဲ့ မင်းပြစ်မင်းဒဏ်သင့် ကဗျာဆရာတဦးရဲ့ဘဝဟာ ကြေပြုန်းသွားနေချေပြီလား။ ဆိုက်ဗေးရီးယား ဒေသကြီးထက် ပိုပြီး ပြင်းထန် ပေါက်ကွဲနေတဲ့ သူ့နှလုံးသားဟာ ဖယောင်းတိုင်မီးလို ဟုတ်ကနဲ ငြိမ်းသွားရမှာလား။
ကဗျာဆရာတဦးရဲ့ ဘဝအတွင်းမှာ ဆူးနှင်း၊ လရောင်အက်စစ်၊ လေညှင်းမြှား၊ မီးရောင်ဂီတကို စနစ်တကျ နေရာချထားပြီး ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြတော့ဘူးလား။
အထီးကျန် သစ်လုံးအိမ်ကလေးအတွင်းမှာ သူ့ဇနီးနှင့်သူ...။ နှစ်ယောက်ထဲ နေခဲ့ကြတယ်။ မနက်မိုးလင်းလို့ စူးစူးရှရှ ထွက်ပေါ်လာတဲ့ ခရာတုတ်သံဟာ အလုပ်ကြမ်းစခန်း တခုလုံးအပေါ် ခြအုံကိုတုတ်နဲ့ ထိုးမွှေသလိုဖြစ်သွားရတယ်။
သူဟာ လေးလံတဲ့ ကုတ်အကျီရှည်ကြီးကို အားယူပြီး ဝတ်တယ်။ နားထဲမှာ ပေါက်တူး၊ တူရွင်း ပေါက်ချွန်း၊ တခုနဲ့တခု ထိမိခတ်မိတဲ့အသံကို ကြားရတယ်။ ပြီးတော့ လူတယောက် လဲကျသွားတဲ့အသံ။ နှင်းထုဖုံးနေတဲ့ မြေပြင်ပေါ် တစုံတရာကို ဒရွတ်တိုက် ဆွဲယူသွာနေတဲ့ အသံ...။ ပြီးတော့ သေနတ်သံ။
ဒီလို အခြေအနေမျိုးမှာ သူ ရှိနေခဲ့တယ်။ သူ ရပ်နေခဲ့တယ်။ သူ ကျေနပ်ခဲ့တယ်။
ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာများဟာ
နာမည်တခုအတွက်
ဘဝ သံသရာမှာ ကျင်လည်ခဲ့ကြရတယ်
ငါ
သင်တို့နဲ့ နီးကပ်လွန်းစွ
သင်တို့နည်းတူ
ငါလည်းပဲ သံသရာ လည်နေဆဲ
ပျံဝဲနေတဲ့ သိန်းငှက်တကောင်ပါပဲ
သတင်းစကား ပါးမယ့်သူ
တယောက်မှ ရောက်မလာသေး
ဘယ်သူ့ခြေသံမှ တံခါးဝမှာ မကြားရသေး။
ဒီလို မှိုင်းမှုန်ဝေသီတဲ့ နေ့ရက်များဟာ တွန့်လိမ်ကောက်ကွေးစွာ ကုန်ဆုံးသွားခဲ့တယ်။
မင်းဟာ
ရှင်သန်လျက် ရှိနေဆဲပါ
မင်းဟာ အထီးကျန် မဟုတ်ဘူး
သူမ
မင်းဘေးမှာ
ဗလာကျင်းနေတဲ့ လက်အစုံနဲ့
ရှိနေဆဲပါ
ကွင်းပြင်ကြီးတွေကို ဖြတ်ပြီးလာနေတဲ့
ငတ်မွတ်ခြင်း
ပျံဝဲကျလာနေတဲ့ နှင်းတွေကိုဖြတ်ပြီး
ပျော်ရွှင်မှုတခု မင်းဆီကို ရောက်လာခဲ့ပေါ့။
သူ နားလည်ခဲ့တယ်။ သူ လက်ခံခဲ့တယ်။ မဟုတ်ဘူး။ သူ နားလည်အောင် လက်ခံနိုင်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ဒီလိုအခြေအနေမျိုးတွေကို သူကိုယ်တိုင်က လက်ယပ်ခေါ်ခဲ့သူ ဖြစ်တယ်။ ဒါကြောင့်မို့ သူ့အဖို့ ငတ်မွတ်ခြင်း အရိုးကြေမတတ် ချမ်းအေးခြင်း၊ အင်အားကုန်ခမ်းခြင်းနဲ့ အိပ်မက်ဆိုးတွေကို မိတ်ဆွေဖွဲ့ရဲ ယှဉ်တွဲနေထိုင် ရဲခဲ့ပြီ။
လူတွေ
ကဗျာကို အလိုရှိကြ
အဲဒီကဗျာကိုပဲ
ကိုယ်စီကိုယ်ငှ
လျှို့ဝှက်သိပ်သည်းစွာ သိမ်းထားကြ
ဒီလိုနဲ့
သူတို့ဘဝ အစဉ်အမြဲ နိုးကြားနေဆဲပ။
ဒီတိုင်းပြည်ကြီးမှာ လူတွေဟာ ပေါင်မုန့်ထက် ကဗျာကို ပိုပြီး မြတ်နိုးကြတယ်လို့ သူက ထပ်ကာတလဲလဲ ကြွေးကြော်ခဲ့တယ်။ လူတွေကို ပေါင်မုန့်တွေပြပြီး ဒဏ္ဍာရီထဲက ကြွက်တွေလို တန်းစီဦးဆောင် ခေါ်သွားနေတဲ့ ထိပ်ဆုံးက လူကို သူမုန်းတယ်။
လူသားရဲ့ အန္တိမကိစ္စဟာ ကဗျာပဲဖြစ်တယ်။ အနုပညာမှုပဲ ဖြစ်တယ်။ လွတ်လပ်ခြင်း ဖြစ်တယ်။ ငြိမ်းချမ်းးခြင်း ဖြစ်တယ်။ ချစ်ခြင်းမေတ္တာဖြစ်တယ်။ ကမ္ဘာကြီးကို ပေါင်မုန့်တွေနဲ့ အရောင်ပြောင်းလို့ မရဘူး။ ပေါင်မုန့်တွေနဲ့ ပန်းချီဆွဲလို့ မရဘူး။ ပေါင်မုန့်တွေနဲ့ ကဗျာစပ်လို့ မရဘူး။ ဒါကို ဘယ်သူ နားလည်နိုင်မလဲ။ ဒါကို ဘယ်သူ ခံစားနိုင်မလဲ။ ဒါကို ဘယ်သူ ထိတွေ့ခွင့် ရနိုင်မလဲ။ ဒါကို လူတွေ နားလည်လက်ခံလာနိုင်ဖို့ ဘယ်အချိန်ကာလအထိ သူ စောင့်နေရမလဲ။
ဒီလိုနဲ့ သူဟာ နှင်းထု ကန့်လန့်ကာကြီးကို ဆွဲချဖို့ ကြိုးစားလိုက်တယ်။ ဒီလိုနဲ့ သူဟာ ‘ခေါင်းဆောင်ကြီး စတာလင်’ ဘွဲ့ ကဗျာကို ရေးဖွဲ့ဖို့ ပြင်ဆင်လိုက်တယ်။ သူ့ နှလုံးသားထဲမှာတော့ သွေးတွေ ဆူဝေ ပွက်လျှံလာခဲ့ပြီ...။
ငါတို့
ဒီတိုင်းပြည်ကြီးရဲ့အောက်မှာ
ခံစားမှုမဲ့ နေထိုင်ကြ
ခြေလှမ်းဆယ်လှမ်း မပြည့်မီ
တို့စကားတွေ ပျောက်သွားကြရ
စကားဝိုင်း တဝက်ရောက်ရင်ပဲ
ကရင်မလင်က ခေါင်းဆောင်ကြီးရဲ့နံမည်
ပါလာမြဲ
သူ့ရဲ့ တုတ်ခိုင်လှတဲ့ လက်ချောင်းဆယ်ချောင်း
သူ့စကားတွေဟာ အလေးချိန်တိုင်း ကြိယာတွေပါပဲ။
လူတွေပြောပြောနေတဲ့ စကားလုံးတွေအပေါ် ခံစားနားလည်နိုင်စွမ်းမရှိတဲ့ အဲဒီ လက်ဆယ်ချောင်းကို သူ မုန်းတယ်။ အဲဒီ လက်ဆယ်ချောင်းပေါ်မှာ လ မသာနိုင်ဘူးလေ။
လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက ဝံပုလွေတွေဟာ ‘ပီတာစဘတ်’ မှာရှိတဲ့ သူ့အိမ်ကလေးကို ချောင်းမြောင်း စောင့်ကြည့်နေခဲ့ကြတယ်။
တရက်ရက်မှာတော့ အိမ်ရှေ့က အုတ်စီပြီးခင်းထားတဲ့ လမ်းဆီက စစ်ဖိနပ်သံတွေ ကြားလိုက်ရတယ်။ ချောက်ချားဖွယ် တံခါးခေါက်သံ ထွက်ပေါ်လာတဲ့အခါ သူက အဆင်သင့် ဖြစ်နေခဲ့ပြီ။
လျှို့ဝှက်စစ်ပုလိပ်တွေ တံးခါးဖွင့်ပြီး အိမ်ခန်းထဲ ဝင်လာကြတဲ့အခါ အထုပ်အပိုးတချို့ ဘေးချပြီး ရပ်စောင့်နေတဲ့ ‘မင်ဒယ်လ်စတန်း’ တို့ ဇနီးမောင်နှံနှစ်ယောက်ကို တွေ့လိုက်ကြရပါတယ်။
(ဂ)
ငါ့ရဲ့မြို့ဆီ
ပြန်လာခဲ့ပြီ
ဒါတွေဟာ ငါ့ရဲ့ မျက်ရည်ဟောင်းတွေပါပဲ
ငါ့ရဲ့ နာကျင်မှု တဒင်္ဂပါပဲ။
၁၉၃၈ ခုနှစ်ရဲ့ နံနက်ခင်းတခု...။
ဆိုဗီယက်ရုရှပြည်ကြီးရဲ့ ကဗျာဆရာ ‘အိုစစ် မင်ဒယ်လ်စတန်း’ ကွယ်လွန်သွားခဲ့ပါတယ်။
ဝက်သစ်ချ တောအုပ်တခုကို ဖြတ်သန်း မောင်းနှင်သွားနေတဲ့ ရထားတစင်းပေါ်မှာ သူ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။
နှင်းတွေ မြူတွေ အရူးအမူး ကျနေတဲ့ ဆိုက်ဗေးရီးယား မဲဇာတောမှာ သူ့မျက်လုံးတွေ မှိတ်သွားခဲ့တာပါ။
သူ အသက်ရှူရပ်သွားတဲ့အခါ သူ့ဘေးမှာ အလုပ်ကြမ်းစခန်းတခုကနေ တခု ပြောင်းရွှေ့လိုက်ပါလာကြတဲ့ အကျဉ်းသားတွေ အလုပ်သမားတွေ ဖျားနာယောင်ယမ်း အော်ဟစ်ညည်းညူနေတဲ့ လူမမာတွေ ပြီးတော့ သူ့ဘဝရဲ့ အစိပ်အပိုင်းတခုဖြစ်တဲ့ သူ့ ချစ်သူ...။
‘မင်ဒယ်လ်စတန်း’ ရဲ့ ဇနီးကတော့ ရထား အပြင်ဘက်ကို ငေးနေတယ်။
သူ့ချစ်သူ သူ့လင်သားရဲ့အလောင်းကို ရထားတွဲပေါ်က တွန်းချနေတဲ့အသံကို သူ ကြားနေရတယ်...။
ငါတို့
ပီတာစဘတ်မှာ
ပြန်လည် ဆုံဆည်းကြပါစို့
နေမင်းကို
ငါတို့
အပြီးအပိုင်
မြှုပ်နှံနိုင်ခဲ့ကြတဲ့
အဲဒီမြို့မှာ
တဖန် ပြန်လည် ဆုံတွေ့ကြပါစို့...။
မှီငြမ်း။ ။ The Eyesight of Wasps- OSIP MANDELSHTAM
Selected Poems- OSIP MANDELSHTAM(1986)
Selected Poems- OSIP MANDELSHTAM(1983)


