Home
ဆောင်းပါး
ဖွင့်ဟဖို့ လိုနေတဲ့ စစ်မြေပြင်က စိတ်ဒဏ်ရာများ 
DVB
·
November 25, 2025
Design: DVB

“ကျနော်တို့ ခံစားနေရတဲ့အရာတွေ၊ ကြုံတွေ့နေရတဲ့ အရာတွေကို အတွေ့အကြုံအသစ်လို့ပဲ ခံယူတယ်။ ပြီးတော့ ကျနော်တို့ တယောက်တည်းပဲ မျိုသိပ်ထားတယ်၊ ဘယ်သူ့ကိုမှ မပြောဘူး။ ကျနော်တို့က သန်မာနေဖို့ လိုတယ်လေ၊ သန်မာနေဖို့လိုတယ်။ ကိုယ့်ရဲ့ခံစားချက်တွေကို လူအများကြီးလည်း မသိစေချင်ဘူး။ ကိုယ် လဲကျလည်း ကိုယ်ပဲ သိတယ်၊ ကိုယ်ပြန်ထရမယ်။”

ကရင်နီအတွင်းက တိုက်ပွဲတခုမှာ ကျောကို လက်နက်ကြီးစ ထိပြီး အဆုတ်ထဲသွေးထွက်လွန်ရာကနေ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခွင့်ရခဲ့တဲ့ အသက် ၂၂ အရွယ် ရဲဘော်လောဝ်မွန်းပါ။

မွေးနေ့မှာ စစ်တိုက်ထွက်ရင် သေတတ်တယ်ဆိုတဲ့ အယူအဆတွေကြားထဲက အသက်ရှင်ခွင့်ရခဲ့ပေမဲ့ ခန္ဓာကိုယ်ရဲ့ ညာဘက် တခြမ်းလုံးကတော့ ဒဏ်ရာကြောင့် အာဏာရုံကြောတွေ ထိခိုက်ပြီး ပုံမှန်အတိုင်းလမ်းလျှောက်ဖို့ ခက်ခဲနေတာပါ၊

“တခါကျတိုင်း စိတ်ဒဏ်တခုရတယ်၊ ရဲဘော်ကျပြီဟေ့လို့ သတင်းပို့တိုင်း ဖူးတို့ ငိုတယ်၊ အမြဲငိုတယ်၊ ငိုလို့ ပျော့ညံ့ပြတာမဟုတ်ဘူး။ ဒီမိသားစုတွေရှေ့မှာ ဒီရဲဘော်ငယ်တွေရှေ့မှာ တအားကြီး ပြိုလဲပြလို့ မရဘူးပေါ့။ ပျော့ညံ့ပြလို့ မရဘူးပေါ့နော်။”

ရဲဘော်ဖူးကတော့ 96 soldier PDF ရဲ့ အထွေထွေအတွင်းရေးမှူးတာဝန် ယူထားသူတယောက်ပါ။ တိုက်ပွဲတွေကြား ရဲဘော်တယောက် ကျဆုံးတိုင်း မျက်ရည်ကျရတယ်လို့ ဆိုပေမဲ့ ရဲဘော်တွေဟာ သာမန်လူတွေထက် စိတ်ခွန်အားကြီးမားပြီး ပြိုလဲကျသွားလို့ မရဘူးဆိုတဲ့ ခံယူချက်ကို ဆွဲကိုင်ထားသူလည်း ဖြစ်ပါတယ်။

“ဖူးတို့တွေက ဘယ်လိုပဲနေနေ တပ်ကိုး၊ စစ်တိုက်နေရတဲ့ တပ်တခုကိုး၊ တပ်ဆိုတော့ သာမန်လူတွေဆို ဖူးတို့က သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း ပြောပေးလို့မရဘူး။ ရဲဘော်တွေလည်း ကျတယ်၊ ရှေ့တန်းမှာဆိုလည်း ကျတယ်၊ ထိထားတာတွေလည်း မြင်တယ်ဆိုတော့၊ စိတ်ပိုင်းဆိုင်ရာ ထိတာလည်း ရှိတာပေါ့။ အဲဒီလိုအခြေအနေတွေမှာ သူတို့အနေနဲ့ မတိုက်ချင်တော့ဘူး၊ မလုပ်ချင်တော့ဘူး၊ တပ်ပြန်ဆုတ်တော့မယ်ဆိုတာ လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ လက်နက်ချလို့လည်း မရဘူး။ ဒီစစ်ဆင်ရေးဟာ ရှေ့ကို တိုးကို တိုးရမှာ။ ဒါ သူများတွေနဲ့ မဟာမိတ်လုပ်နေရတဲ့ တိုက်ပွဲတွေ ဖြစ်တာဆိုတော့ လုပ်ကို လုပ်ရမယ်ဆို လုပ်ရမယ်ပဲ။ အဲဒီလိုအချိန်ကျရင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဖို့အတွက်ကျ အရမ်းကို ခက်တယ်။”

စိတ်ကျန်းမာရေးဆိုတာက လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ အတွေးအမြင်၊ အပြုအမူနဲ့ နေ့စဉ်ဘဝကို ကိုင်တွယ်နိုင်စွမ်းတို့က ပုံမှန်အဆင်ပြေနေပြီး ဘက်ညီနေတဲ့ အခြေအနေကို ဆိုလိုပါတယ်။ လက်နက်ကိုင် တိုက်ပွဲဝင်နေကြရတဲ့ တော်လှန်ရေးရဲဘော်တွေ အတွက်ကတော့ ဒီလို ဘက်ညီ မျှတဖို့ဆိုတာ အတော်လေး မလွယ်ကူတဲ့ ကိစ္စတခုလည်း ဖြစ်ပါတယ်။

ရဲဘော်ဆိုတာ သန်မာရမယ်၊ သေမှာမကြောက်ရဘူး ဆိုတဲ့စိတ်နဲ့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြပေမဲ့ မွန်းကြပ်နေတဲ့ စိတ်ဒဏ်တွေကိုတော့ ရဲဘော်တွေရဲ့ စကားဝိုင်းတွေမှာ ဖြေလျှော့ ဖွင့်ချတယ်လို့ ရဲဘော်လောဝ်မွန်းက ဆိုပါတယ်။

“ကျနော်တို့ ဒီလိုဖြစ်နေတဲ့အချိန် ကိုယ့်ကိုယ်လည်း အမြဲအားပေးရမှာလေ။ အမြဲ သန်မာနေရမှာ၊ ရဲဘော်တယောက် ကျသွားလည်း ကိုယ့်အလှည့် ဘယ်ချိန်လာမလဲ ဆိုတာပဲ ကြည့်နေရတော့မှာ။ ကျနော်တို့ လုပ်စရာရှိတာ ဆက်လုပ်သွားရမှာပဲ။ ဒီတယောက်ကျသွားတယ်၊ ငါလည်း သေမှာကြောက်ဆိုတာကျ မဟုတ်ဘူး ဒါတွေက။ စိတ်ထွက်ပေါက်တခုအနေနဲ့ ရှာရင် ရဲဘော်တွေရဲ့ စကားဝိုင်းရှိတယ်။ စကားဝိုင်းမှာ စကားတွေပြောရင်း ဂစ်တာတွေတီး၊ သီချင်းတွေဆို၊ အဲဒီအချိန်မှာတော့ ကိုယ့်စိတ်ခံစားနေရတာတွေကို အကုန်လုံး ဖွင့်ချလို့ရတယ်။ ရဲဘော်တွေနဲ့က ညီအစ်ကိုတွေလိုပဲဆိုတော့ ရင်ဖွင့်လို့ရတယ်။”

လူတွေရဲ့ ခံစားသိရှိမှုတွေမှာ နာကျင်စရာ အမှတ်တရတွေနဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေ ကြုံခဲ့ပြီးတဲ့နောက်မှာ PTSD လို့ခေါ်တဲ့ စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှုရောဂါတွေကို ခံစားရလေ့ရှိပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ PTSD က ကမ္ဘာ့လူဦးရေရဲ့ ၃ ဒသမ ၉ ရာခိုင်နှုန်းကို သက်ရောက်မှုရှိပေမဲ့ တိုက်ပွဲနဲ့ ထိတွေ့ရတဲ့ စစ်သည်တွေမှာ သိသိသာသာ မြင့်မားတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်စစ်မှုထမ်းဟောင်းများရေးရာ US Department of Veterans Affairs (VA) ရဲ့ ၂၀၁၉ ခုနှစ်က လေ့လာတွေ့ရှိချက်အရ အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်က PTSD ရောဂါ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလို ခံစားရမှုတွေဟာ လူသားဖြစ်စဉ် တစိတ်တပိုင်းသာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် နေမကောင်းရင် ဆေးရုံဆေးခန်းပြသဖို့ လိုအပ်သလို စိတ်ကျန်းမာရေး မကောင်းတဲ့ အခါမှာလည်း ကျွမ်းကျင်တဲ့ နားလည်တတ်ကျွမ်းတဲ့သူတွေရဲ့ အကူအညီ တောင်းခံဖို့လိုပါတယ်။

ဒီလို ခံစားရမှုတွေဟာ လူသားဖြစ်စဉ် တစိတ်တပိုင်းသာ ဖြစ်ပါတယ်၊ ဒီအတွက်ကြောင့် နေမကောင်းရင် ဆေးရုံ ဆေးခန်း ပြသဖို့ လိုအပ်သလို စိတ်ကျန်းမာရေး မကောင်းတဲ့အခါမှာလည်း ကျွမ်းကျင်တဲ့ နားလည်တတ်ကျွမ်းတဲ့သူတွေရဲ့ အကူအညီတောင်းခံဖို့ လိုပါတယ်၊

တော်လှန်ရေးအတွက် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို အခမဲ့ပေးနေတဲ့ Jue Jue’s Safe Space ရဲ့ founder ဆရာမ ဂျူးဂျူးမင်းသူကတော့ “ကိုယ်က ကိုယ့်ရဲ့တိုင်းပြည်အတွက် လက်နက်ကိုင်လိုက်ရတော့ သူ့မှာ စွန့်လွှတ်အနစ်နာခံလိုက်ရတဲ့ အများကြီးရှိတယ်။ ဒီလိုမျိုး မိသားစုတွေမှာ တိတ်ဆိတ်နေတယ်၊ နှုတ်ဆိတ်နေရတယ်ဆိုတဲ့ နစ်နာမှုတွေ အများကြီးရှိတယ်။ ဒီအပြင်မှာ စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း သွေးထွက်သံယိုတွေ၊ အလောင်းတွေ၊ လက်နက်ကြီး ကျလာရင် ဘယ်လောက်ပဲ သန်မာတဲ့သူပဲဖြစ်ဖြစ် ဒါတွေဟာ နေ့စဉ်နဲ့အမျှဆိုရင် တုန်လှုပ်မှုတွေ ရှိလာတာပဲလေ။ ဒါပေမဲ့ ဖော်ပြရင် တော်လှန်ရေးကို အားယုတ်စေတဲ့အရာတွေမို့လို့ တော်ရုံတန်ရုံ မဖော်ပြကြဘူး။ ဒါပေမဲ့ ကျမတို့ မေ့နေတာက လူသားတယောက်အနေနဲ့ ကြုံတွေ့ရတဲ့ လူသားဖြစ်စဉ်တွေ၊ စိတ်ခံစားမှုရဲ့ တုံ့ပြန်မှုတွေကို တော်လှန်ရေးထဲမှာ မေ့ထားလို့မရဘူး။၀ အဲဒါကြောင့်လည်း စိတ်ကျန်းမာရေး ကုသမှုတွေဟာလည်း အလွန်ပဲ အရေးကြီးပါတယ်ရှင့်” လို့ ဆိုပါတယ်။

ရဲဘော်ဖူးကတော့ ရဲဘော်တွေရဲ့ စိတ်ကျန်းမာရေးကို ဂရုတစိုက် ပြန်လည်ထူထောင်ပေးဖို့ ဆန္ဒရှိနေပါတယ်။ ဒီအတွက်လည်း တော်လှန်ရေးအလွန်ကာလတွေမှာ ရဲဘော်တွေရဲ့ စိတ်ကျန်းမာရေးကို ပြန်လည်ထူထောင်ပြီး လူမှုပတ်ဝန်းကျင်မှာ သာမန်အတိုင်း လည်ပတ်နိုင်ဖို့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ပေးဖို့ကို နွေဦးတော်လှန်ရေးမှာ တာဝန်ရှိတဲ့သူတွေကို တောင်းဆိုပါတယ်။

ဖူးတို့ကိုယ်တိုင်လည်း ဒီနေ့ဒီချိန်ထိ ရဲဘော်တွေရဲ့ Mental ပိုင်း စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာတွေ သေချာလုပ်နိုင်လားဆိုရင် သေချာလုပ်နိုင်တာမျိုးတွေ မရှိဘူး။ ဒါ အပွင့်လင်းဆုံး ဝန်ခံတာ။ စိတ်ပိုင်းဆိုင်ရာ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်အဖွဲ့တွေ ဘယ်သူတွေက တာဝန်ယူမလဲပေါ့။ တာဝန်ရှိသူတွေကိုလည်း ဒီတော်လှန်ရေးကြီး ပြီးလို့ရှိရင် ပစ်မထားစေချင်ဘူး။ ဒီရဲဘော်ရဲဘက်တွေကို အကုန်လုံးကို၊ ခုနကပြောသလိုပဲ ဖူးတို့စိတ်တွေက အများကြီး ပြန်ကြိုးစားရဦးမှာ၊ ပုံမှန်ပြန်ဖြစ်ဖို့အတွက်ကို။”

လက်ရှိမှာတော့ စိတ်ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ သတင်းစာမျက်မှာတွေ အများအပြားရှိနေသလို တော်လှန်ရေးဘက်တော်သားတွေအတွက် သီးသန့်အစီစဉ်တွေလည်း ဖော်ဆောင်နေတာရှိပါတယ်။

ဆရာမ ဂျူးဂျူးမင်းမင်းသူက “ကျမတို့ လူသားတိုင်းက စွဲလမ်းမှုပြဿနာကို တနည်းမဟုတ်တနည်း ကြုံတွေ့ကြရတယ်။ တချို့ဆို ဆိုရှယ်မီဒီယာတွေ စွဲနေတာ၊ လောင်းကစားစွဲနေတာတွေ၊ အရက်သေစာ စွဲနေတာတွေ၊ တခုမဟုတ်တခု စွဲတတ်ကြတယ်ပေါ့။ အဲဒီအခါမှာ စိတ်ဒုက္ခရောက်နေတဲ့အချိန်  စိတ်ဓာတ်ခွန်အား ကျဆင်းနေတဲ့ အချိန်တွေမှာဆို ကိုယ် လက်လှမ်းမီတဲ့အရာနဲ့ ကုသလိုက်တာပေါ့နော်။ အဲဒီတော့ ကျမတို့က ဘာလုပ်ပေးရမလဲဆိုတော့ သူတို့ လက်လှမ်းမီတဲ့ စိတ်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းကောင်းတွေကို  ကိုင်တွယ်အသုံးပြုဖို့၊ ကုသဖို့ ကျမတို့လို လုပ်ငန်းတွေက ကျယ်ကျယ်ဝန်းဝန်း ရှိနေပေးဖို့ လိုအပ်တာပေါ့” လို့ ပြောပါတယ်။

Jue Jue’s Safe Space လိုမျိုးပဲ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း  (AAPP) ရဲ့ Mental Health Assistance Program ကနေ “ကွက်လပ်ဖြည့်ပါ” အစီအစဉ် ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရမှုတွေကို မျှဝေဆွေးနွေးပြီး ကောင်းမွန်တဲ့ အကြံပြုချက်တွေ ပေးနေတာမျိုးလည်း ရှိပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013