Home
ဆောင်းပါး
စစ်အာဏာရှင် ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် တရုတ်ရဲ့ ဖေးမမှုနဲ့ မျှော်မှန်းချက်
DVB
·
November 24, 2025

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲအပေါ် ဒီမိုကရေစီ နိုင်ငံအများစုက အသိမှတ်မပြုပေမဲ့ တရုတ်နိုင်ငံကတော့ အပြည့်ဝထောက်ခံ အားပေးနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် နည်းပညာနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတလုပ်ဖို့ ဇာတ်ညွှန်း ရေးထားတဲ့ ရွေးကောက်ပွဲတခုကို ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်ဖို့ အစောပိုင်းမှာ စီစဉ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်ဟာ တိုက်ပွဲတိုင်းမှာ အကြီးမားဆုံး ခြိမ်းခြောက်ခံခဲ့ရပြီး ရွေးကောက်ပွဲလုပ်နိုင်မယ့် နယ်မြေ အများအပြားလည်း လက်လွတ်သွားခဲ့ရပါတယ်။

ဒါ့အပြင် ရှမ်းမြောက်၊ ကချင်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရခိုင် ဒေသက မြေရှားသတ္တု တူးဖော်ရေး၊ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း၊ ကုန်သွယ်ရေးလမ်းပိုင်း၊ စီးပွားရေဇုန်နဲ့ စက်ရုံတွေ စတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ စီမံကိန်း ၉ ခုလောက်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တပ် (EAO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေ သိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်။

ဒီအခြေနေဟာ အကျိုးစီးပွားနဲ့ ဆက်စပ်ပြီး တရုတ်ကို အကြီးကျယ် စိတ်အနှာင့်အယှက် ဖြစ်စေခဲ့ပြီးနောက် မြန်မာပြည်ထဲက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ စစ်ကောင်စီကို တရုတ်က အကြိမ်ကြိမ် ပြောဆိုနေခဲ့တာပါ။

တရုတ်ရဲ့ အာဏာသက်ရောက်မှုဟာ မြန်မာ့ဒီမိုကရေစီဆန္ဒကို မကူညီဘဲ ပိုပြီးနှောင့်နှေးစေတဲ့ အကြောင်းအရာအဖြစ် မြင်တွေ့ရတယ်လို့ တော်လှန်ရေးအဖွဲ့တွေက သုံးသပ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် ၂၀၂၄ နိုဝင်ဘာလ ပထမအပတ်ထဲမှာ  မဟာမဲခေါင်ဒေသ အစည်းအဝေး အပါအဝင် အစည်းအဝေး သုံးခုကို တက်ရောက်ဖို့အတွက် တရုတ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ပါတယ်။

အဲဒီ တရုတ်ခရီးစဉ်မှာ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ဖို့ စစ်ခေါင်းဆောင်က ကတိပေးခဲ့ရပြီး တရုတ်ဆီကနေ တိုက်ခိုက်ရေး အဆင့်မြင့် နည်းပညာနဲ့ လေကြောင်းတိုက်ခိုက်မှု ပိုတိုး လုပ်ဆောင်နိုင်ဖို့ ဆက်စပ်ပစ္စည်း အကူညီတွေ ပိုမိုရရှိခဲ့တယ်လို့ တရုတ်-မြန်မာ ဆက်ဆံရေး စောင့်ကြည့်နေတဲ့ နိုင်ငံရေး သုတေတီတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ တရုတ်ရဲ့ ဖိအားနဲ့ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) လက်ထဲက စစ်ကောင်စီက အလွယ်တကူ ပြန်ရလိုက်ပြီး အခု နိုဝင်ဘာလ ကုန်လောက်မှာလည်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကိုလည်း တရုတ်အကူအညီနဲ့ စစ်ကောင်စီ ပြန်ရဖို့ ရှိနေပါတယ်။

မိုးကုတ် ပကဖ တာဝန်ရှိသူတယောက်ကတော့ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ထောက်ခံနေတဲ့ တရုတ်ရဲ့ အာဏာစက်ဟာ တော်လှန်ရေးအပေါ် လာရောက်ထိခိုက်နေပြီလို့  DVB ကို ပြောပါတယ်။

“ရွေးကောက်ပွဲကို ထောက်ခံနေတယ် ဆိုတာ ကျနော်တို့နိုင်ငံ ကောင်းစားရေး မဟုတ်ဘူး။ ဒါဟာ စစ်အာဏာရှင်နဲ့ သူတို့နဲ့ မိတ်ဖက် လူတစုလောက်ပဲ ကောင်းစားဖို့အတွက်ပဲ တရုတ်က ထောက်ခံနေတယ်လို့ မြင်တယ်။ လက်ရှိလည်း သိတဲ့အတိုင်းပဲ တချို့ တချို့သော EAOs တွေက တရုတ်ရဲ့ အာဏာသက်ရောက်မှုအပေါ်မှာ မကင်းလွတ်နိုင်တဲ့ အဖွဲ့စည်းတွေ များတယ်ပေါ့။ အဲဒီ အပေါ်မှာ ဘာဖြစ်သွားလဲဆိုတော့ နိုင်ငံရေးအပေါ်မှာကော တော်လှန်ရေးအပေါ်မှာကော အကျိုးသက်ရောက်မှုတွေက အများကြီးပါပဲ။ ပြည်သူလူထု လိုချင်တဲ့ ရည်မှန်းချက်ကတော့ ဘာမှ ရနိုင်မှာ မဟုတ်ဘူးပေါ့။ အဲတော့ မြန်မာ့ပြည်တွင်း နိုင်ငံရေး Level မှာလည်း အနုတ်ထိ ရောက်သွားနိုင်တယ်။”

မကြာသေးခင်ကမှ အပစ်ရပ်လိုက်တဲ့ TNLA အနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် အမြင်သဘောကို DVB က မေးမြန်းခဲ့ပေမဲ့ လတ်တလော သဘောထား မှတ်ချက် မပေးလိုသေးဘူးလို့ လွေးယေဦးက တုံ့ပြန်ပါတယ်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စကတည်းက ရှမ်းမြောက်မှာ တိုက်ခိုက်နေတဲ့ TNLA နဲ့ MNDAA အပေါ် တရုတ် ဖိအားအပြင်းထန် ရင်ဆိုင်ခဲ့ရပြီး ရှမ်းမြောက် စစ်မျက်နှာမှာ အဓိက လက်နက်ခဲယမ်း ထောက်ပံ့နေတဲ့  UWSA ‘ဝ’တပ်ကိုလည်း လက်နက်ထောက်ပံ့တာ ရပ်ဖို့ ဖိးအားပေးခံခဲ့ရပါတယ်။

ရှမ်းမြောက် စစ်မျက်နှာမှာ တိုက်ပွဲအပစ်ရပ်ကာ စစ်ကောင်စီ အသက်ရှူချောင်စေဖို့နဲ့ ရွေးကောက်ပွဲ ပြုလုပ်နိုင်မယ့် မြို့တချို့ကိုပါ ပြန်ရဖို့ တရုတ်က နည်းလမ်းပေါင်းစုံနဲ့ ဖေးမကူညီပေးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးသုတေသီတွေက ဆိုပါတယ်။

ဒုတိယအကြိမ် တရုတ်ခရီးစဉ်မတိုင်ခင် ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကို စစ်ခေါင်းဆောင်က ထုတ်ပြန် ပြောဆိုခဲ့ပြီးနောက် နိုင်ငံတဝန်းကို ဝေဟင်ကနေ အရေတွက်များများနဲ့ နေ့စဉ် အပြင်းအထန် တိုက်ခိုက်နေပြီး ကချင်၊ ချင်း၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ နဲ့ ကရင်ဒေသတွေမှာ ရွေးကောက်အတွက် နယ်မြေစိုးမိုးမှု ပြန်ရဖို့အတွက်ကိုလည်း မြေပြင်ကနေ စစ်ကြောင်းထိုးနေပါတယ်။

ရွေးကောက်ပွဲ နီးလာလေ စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုက ပိုများလာလေပဲလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“ကျနော် တဦးတယောက်ရဲ့ အမြင်ကတော့ မဲဆွယ်စည်းရုံးတဲ့ စနစ်သစ် ပုံစံလို့ပဲ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေကြောင်းနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပြည်သူလူထုရှိတဲ့ ရွာတွေမှာ ပစ်ခတ်တာတွေပေါ့နော်။ မြေပြင်ကနေလည်း ထိုးစစ်ဆင်တာ။ ဒါကတော့ သူတို့ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးတဲ့ စနစ်သစ်လားလို့တောင် ကျနော် မြင်ပါတယ်။ ခြိမ်းခြောက်ပြီးမှ မဲဆွယ်တာပေါ့။ မဲမထည့်ရင်တော့ ပိုပစ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ မင်းတို့ မဲမထည့်ရင် ရွာတောင် မီးရှို့လိုက်မယ် ဆိုတဲ့ သဘောမျိုးပေါ့ကွာ။ အဲဒီလို ပုံစံဖြစ်နေတာ။ ရွေးကောက်ပွဲ နီးလေလေ သူတို့ရဲ့ ပစ်ခတ်မှုက ပိုပြီး ခပ်စိပ်စိပ် ဖြစ်လေလေ။”

မြန်မာပြည်ရဲ့ အဓိက ပါတီကြီးတခုဖြစ်တဲ့ NLD ပါတီရဲ့ ထိပ်သီးခေါင်းဆောင်းပိုင်းတွေကို မဲစာရင်း အကြောင်းပြကာ ဖမ်းဆီး ထောင်ချထားပြီး စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကပဲ အပြတ်အသတ် အနိုင်ရမယ့် ရွေးကောက်ပွဲ ဇာတ်ညွှန်းကို စစ်ကောင်စီက အသည်းအသန် အကောင်ထည်ဖော်ဖို့ ကြိုးပမ်းနေတာပါ။

စစ်ခေါင်းဆောင်နဲ့နီးစပ်တဲ့ စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ အရာရှိပိုင်းတချို့နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပြင်ဆင် မဲဆွယ်နေကြတာဟာလည်း စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ကြံ့ခိုင်ရေးပါတီ တပါတီတည်းက အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အခင်းအကျင်းမျိုး ပြန်လည်ပေါ်ပေါက်လာဖို့ စစ်ခေါင်းဆောင်က မျှော်မှန်းနေတာ ဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်သိန်းစိန် အသွင်ကနေ အရပ်ဝတ်လဲ ဦးသိန်းစိန်အစိုးရအသွင် အခြေအနေမျိုးကို ပြန်သွားဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်မှုကို အကျိုးစီးပွားအတွက် တရုတ်က ထောက်ခံနေတာလို့ တရုတ် အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက DVBကို ပြောပါတယ်။

“စစ်တပ်က မပါဘဲနဲ့ အရပ်သားပုံစံပေါ့။ တကယ်တော့ သူတို့ စစ်အုပ်စုပါပဲ။ ဦးသိန်းစိန် အစိုးရအဖွဲ့လို ပြန်ဖြစ်ရေးအတွက် ရည်ရွယ်ပုံရတယ် မင်းအောင်လှိုင်တို့ဘက်က။ တရုတ်ကလည်း ကျမတို့တိုင်းပြည် ငြိမ်းချမ်းမှ သူ့အတွက်လည်း အခြေအနေက ကောင်းမှာ ဖြစ်တာကို သူ့စီမံကိန်းတွေလည်း အများကြီးပဲလေ။ ဒါကြောင့်မို့ ဒါကို (ရွေးကောက်ပွဲ) တရုတ်က ထောက်ခံပေးနေတာ။”

စစ်ခေါင်းဆောင်ရဲ့ ဒုတိယအကြိမ်မြောက် တရုတ်ခရီးစဉ်မှာ စစ်ကောင်စီနဲ့ တရုတ်အစိုးရကြား ပူးပေါင်းဆောင်ရွက်မယ့် နားလည်မှုစာချွန်လွှာ ၇ ခုကို ရေးထိုးခဲ့ပြီး အဲဒီထဲမှာ ကချင်ပြည်နယ်ကို ကြားခံပြီး တရုတ်နဲ့ အန္ဒိယကို ဆက်သွယ်မယ့် လီဒိုလမ်းတလျှောက် အဝေးပြေးကားလမ်း ဖောက်မယ့် စီမံကိန်းလည်း ပါဝင်ပါတယ်။

ဒါဟာ စစ်ကောင်စီကို ရွေးကောက်ပွဲ ဖြစ်မြောက်အောင်လုပ်ဖို့ တရုတ်က မက်လုံးပေး ထောက်ခံပေးနေတာလို့ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်း နားလည်တဲ့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ (BRI)အတွက် အရေးပါဆုံးဖြစ်နေတဲ့ တည်နေရာတခု ဖြစ်ပြီး အိန္ဒိယပင်လယ်ကို တိုက်ရိုက်အသုံးပြုလို့ရမယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း အပါအဝင် ကျောက်ဖြူ-ရွှေလီ ကုန်သွယ်ရေးလမ်းနဲ့ မီးရထားလမ်း စီးမံကိန်းတွေကလည်း စစ်ရေးပဋိပက္ခကြောင့် အကောင်ထည်ဖော်ဖို့ အခက်ခဲဖြစ်နေပါတယ်။

ဒါကြောင့် စစ်ကောင်စီ လုပ်မယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘဲ စစ်အာဏာရှင် အဖြစ်မှ စစ်ဝတ်စုံချွတ်ထားတဲ့ အရပ်သားအသွင် အုပ်ချုပ်သူအဖွဲ့သာ ပေါ်ပေါက်လာဖွယ် ရှိနေသည့်တိုင်အောင် အကျိုးစီးပွားအတွက် ရွေးကောက်ပွဲကို တရုတ်က ထောက်ခံနေတယ်လို့ နိုင်ငံရေး သုသေတီတွေက ပြောပါတယ်။

ဒီရွေးကောက်ပွဲအပေါ် တရုတ်အပြင် ရုရှားကပါ ထောက်ခံနေတာကြောင့် ဒီနှစ်နိုင်ငံရဲ့ ဩဇာလွမ်းမိုးမှုရှိတဲ့ နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတချို့ကလည်း ရွေးကောက်ပွဲကို ထောက်ခံ အသိအမှတ်ပြုလာနိုင်ဖွယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း မြန်မာနိုင်ငံရေး အလှည့်အပြောင်းဟာ တရုတ်ရဲ့ ရပ်တည်တဲ့ ပုံစံကသာ အဓိက အခရာ ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိက တရုတ်ပဲ။ တရုတ်ရဲ့ ရပ်တည်မှုပုံစံ ပြောင်းရင် ကမ္ဘာနဲ့ချီပြီး အထူးသဖြင့် တရုတ်က အာဆီယံထဲမှာ သူ လွှမ်းမိုးနိုင်တဲ့ နိုင်ငံတွေ ရှိတယ်။ အာဖရိကနိုင်ငံတွေထဲမှာ သူ လွှမ်းမိုးနိုင်တဲ့ နိုင်ငံတွေ ရှိတယ်။ သူရဲ့ ရှိနေတဲ့ စီးပွားရေးအင်အားနဲ့ ချိတ်ဆက်နေတဲ့ လွှမ်းမိုးမှု လက်တံက အနည်းနဲ့ အများကြီးတယ်၊ ရှည်တယ်လို့ ပြောလို့ရတယ်။”

ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမယ့် အရပ်သားအသွင်ယူ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံပြီး မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခ အခြေနေကြောင့် နှောင့်နှေးနေတဲ့ တရုတ်စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ဖို့ တရုတ်အစိုးရက ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့မှာ တရုတ်ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) အောက်က စီမံကိန်းတွေကို ပုံမှန်အတိုင်း အကောင်အထည်ဖော်နေပြီး တရုတ်-လာအို အမြန်ရထားလမ်း စီမံကိန်းဆိုရင် အကောင်ထည်ဖော် ပြီးစီးနေပြီလည်း ဖြစ်နေပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမယ့် စစ်အုပ်စုကို တရားဝင် ထိတွေ့ဆက်ဆံပြီး မြန်မာ့ စစ်ရေးပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို့ လက်နက်ကိုင်တပ်တွေကို တွန်းအားပေးရင်း သူရဲ့ ကမ္ဘာနဲ့ချီ ချိတ်ဆက်ထားတဲ့ စီမံကိန်းတွေကို အမြန်အဆန် အကောင်ထည်ဖော်ဖို့နိုင်ဖို့ တရုတ်က မျှော်မှန်းနေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေး သုတေသီတွေက ပြောဆိုသုံးသပ်နေကြပါတယ်။

အကျိုးစီးပွားအပေါ် အခြေခံပြီးစဉ်းစားတဲ့ လက်ရှိ တရုတ်ရဲ့ နိုင်ငံရေးရပ်တည်မှုဟာ မြန်မာနိုင်ငံရေးအတွက် ကောင်းကျိုး သက်ရောက်မှု တစုံတရာမရှိဘဲ ပြည်တွင်းမှာ စစ်ရေးပဋိပက္ခ ပိုမိုကြီးထွားလာနိုင်ပြီး ပြည်သူလူထုကတော့ ဦးတည်ချက်မဲ့စွာ ဒီဒဏ်တွေကို အလူးအလိမ့်ခံနေရဦးမှာ ဖြစ်ပါတယ်။ 

ခါးအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013