
အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့ဆန္ဒနဲ့ သွေဖည်ကာ အတုအယာင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကို ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီက ကန့်ကွက်ရှုတ်ချတယ်လို့ နိုဝင်ဘာ ၂၄ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်ကန့်ကွက် တိုက်ပွဲဝင်နေတဲ့ အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီဟာ စစ်ရေးနဲ့ မသတ်ဆိုင်တဲ့ မြို့ရွာ အရပ်သားပြည်သူ နေထိုင်ရာ နေအိမ်အဆောက်အုံတွေ၊ သာသနာအဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအများအပြားသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၁၇ ခုနှစ်မှာလည်း ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ “ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု"ရဲ့ တရားခံမှာလည်း စစ်ကောင်စီသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ တိုင်းရင်းသားတွေဟာလည်း ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ အတူရပ်တည်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အရေးတော်ပုံတွေမှာလည်း ပါဝင်ခဲ့သလို နွေဦးတော်လှန်ရေးမှာလည်း တတ်ကြွစွာ ပါဝင် လှုပ်ရှားနေသူတွေ ဖြစ်ပါတယ်။
ဒါကြောင့် ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီဟာ ရိုဟင်ဂျာတွေရဲ့ မွေးရာပါ မူလအခွင့်အရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ တန်းတူအခွင့်အရေးကို အာမခံတဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေနဲ့အတူ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


