
လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခြင်း၊ မပေးခြင်းဟာ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒသာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့ကို စိုက်/မွေးတက္ကသိုလ်ဖွင့်ဖို့ ရောက်နေတဲ့ စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ ၂၃ ရက်က မအူပင်မြို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲ ပြုလုပ်ချိန်မှာ မဲပေးခွင့်ရှိသူအားလုံး မဲပေးစေလိုပေမဲ့ မဲပေးခြင်း၊ မပေးခြင်းဟာ ပြည်သူတွေရဲ့ ဆန္ဒသာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
မအူပင်မြို့ခံတယောက်က “ဒါမျိုးတွေက သူ အရင်ကလည်း ပြောနေကျပဲလေ။ ၂၀၂၀ တုန်းကလည်း ပြည်သူ့ဆန္ဒက အဓိက ဘာညာပြောပြီး လုပ်ချင်တာ လုပ်တာပဲ။ အခုလည်း မဲပေးတာ၊ မပေးတာ ပြည်သူ့ဆန္ဒ ဆိုပြီး မဲမပေးတဲ့သူတွေ မှတ်ထားပြီး ဖမ်းရင် ဘယ်လိုလုပ်မလဲ”လို့ ပြောပါတယ်။
ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်မှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


