
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာ ၂၃ ရက်ဒီကနေ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေတဲ့အချိန်မှာ မီးလောင်မှုဖြစ်လို့ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မအူပင်မြို့ခံ တယောက်က “မင်းအောင်လှိုင် လာဖို့ရှိတယ်ကြားတာတော့ကြာပြီ၊ နိုဝင်ဘာ ၁၉ ရက်ကတည်းကကြားတာ။ နိုဝင်ဘာ ၂၃ ရက် ဒီကနေ့မနက်မှ ရောက်လာတာ။ ခလရ ၂၇ တပ်မှာ အသင့်လုပ်ထားတဲ့ ဟတ်စကီးကွင်းမှာဆင်းပြီး အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဖွင့်ပွဲ သွားတာ။ သူ လာမှပဲ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းအနားမှာရှိတဲ့ အောင်ဆုပန် ၁ ရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပွားနေလို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်”လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် ရောက်နေတာကြောင့် မအူပင်မြို့ပေါ်လမ်းတွေမှာ လမ်းထိပ်တထိပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို လက်နက် အပြည့်အစုံနဲ့ လမ်းထိပ်တွေမှာ ကင်းချထားတာ တွေ့ရပါတယ်။
မအူပင်မြို့ ကမ်းနားလမ်း၊ တရုတ်ဘုံကျောင်းနဲ့ အထက်အမြင့် အဆောက်အအုံတွေပေါ်မှာပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စနိုက်ပါ သေနတ်တွေနဲ့ လုံခြုံရေးယူပေးထားကြပါတယ်။
မအူပင်မြို့ခံနောက်တယောက်က “မအူပင် ဖွတ်တက်ရုံမကဘဲ မင်းအောင်လှိုင် လာမှ သူ လာတဲ့ရပ်ကွက် မီးပါထလောင်နေပြီ။ မီးကလည်း များတယ်၊ ခုထိ မီးမငြိမ်းသေးဘူး။ ရပ်ကွက်တခုလုံး မီးခိုးတွေ ဖုံးနေတယ်။ လမ်းတွေပေါ်မှာလည်း စစ်အုပ်စုကလွဲလို့ ဘယ်သူ တဦး တယောက်မှ မတွေ့ရဘူး” လို့ ပြောပါတယ်။
မအူပင်မြို့မှာရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်ကျောင်းအဟောင်းကို မင်းအောင်လှိုင် အမိန့်နဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းအဖြစ် အရေးပေါ် အမြန်ဆောက်လုပ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မှာ ဆောက်လုပ်ပြီးစီးခဲ့ကာ စစ်ခေါင်းဆောင်ကိုယ်တိုင် ကျောင်းဖွင့်ပွဲကို လာရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။


