
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ဖမ်းဆီးခံရတာ အချိန် ၇ လကျော် ရှိနေပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကာယကံရှင်တွေနဲ့ မိသားစုက တောင်းဆိုလိုက် ပါတယ်။
၂၀၂၅ ဧပြီလ ၃ ရက်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် BIMSTEC အစည်းအဝေး ခရီးစဉ်အတွင်း ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ ဖမ်းဆီးခံထားရတာ ၇ လကျော် ရှိသွားပါပြီ။
သူတို့ ၂ ယောက်ကို နှစ်နိုင်ငံ ချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံ တည့်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းနိုင်ငံ လူမှုအသိုက်အဝန်းကို မငြိမ်မသက် အန္တရာယ် ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမှု အပါအဝင် အမှုပေါင်း ၇ မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
New Power Generation - တက်ကြွလှုပ်ရှားသူ ကိုဖြိုးပိုင်က “ကျနော်တို့ကို မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထားတာ ၇ လကျော်သွားပြီ။ ဒါပေမဲ့ ထိုင်းကျောင်းသား တကိုယ်တော် ဆန္ဒပြတာကိုတော့ ပြန်လွှတ်ပေးလိုက်ရတယ်။ ကျနော်တို့ကိုကျတော့ အခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူး ၇ လကျော်ထိ။ ကျနော်တို့ ပတ်စ်ပို့ အထောက်အထားတွေ အကုန်သိမ်းပြီး မြန်မာနိုင်ငံကို ၂ ရက်အတွင်း ပြန်ပို့ဖို့ လုပ်တာ မင်းအောင်လှိုင် စစ်တပ် လက်ထဲပို့ဖို့၊ UN က အချိန်မီ ကျနော်တို့ကို အကာအကွယ် ပေးထားလို့ ပြန်မပို့တာ။ UNHCR က ကျနော့်ကို ဧပြီလ ၈ ရက်နေ့က လာတွေ့ပြီး တခေါက်ပဲ လာတွေ့သေးတယ်။ အခုချိန်ထိတော့ လာတွေ့တာ၊ ထပ်ဆွေးနွေးတာ မရှိသေးဘူး။ ကျနော်တို့က မတရား အဖမ်းခံထားရတာ။ ကျနော်တို့ကို နိုင်ငံတကာကလည်း ကျနော်တို့ ကိစ္စကို လျစ်လျူရှုထားတယ်။ ကျနော်တို့ကို လက်ရှိ ကူညီနေတာ ထိုင်းနိုင်ငံ လူ့အခွင့်အရေးရှေ့နေတွေ ကူညီပေးတယ်။ သူတို့လည်း ကြိုးစားပေမယ့် ဘာမှ မအောင်မြင်သေးဘူး။ ကျနော်တို့ လက်ရှိ အချိန်ထိ မလွတ်မြောက်သေးဘူး”လို့ ပြောပါတယ်။
သူတို့ကို ဘန်ကောက်မြို့ရှိ ဘန်ခဲ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (IDC)မှာ ဖမ်းဆီးထားပြီး၊ UN က နေရပ်ပြန်မပို့ဖို့ အကာအကွယ် အပါအဝင် ထိုင်းလူ့အခွင့်အရေး ရှေ့နေအဖွဲ့က ကူညီပေးနေပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိ သူတို့ ၂ ယောက် ပြန်မလွတ်သေးတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူပန်နေကြပါတယ်။
ကိုဖြိုးပိုင်ရဲ့ ဇနီး မနွယ်နွယ်ဝင်းက “ကျမကတော့ အမြန်ဆုံး လွတ်ပါစေလို့ပဲ တောင်းဆိုချင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်လည်း ဒီမှာ ကလေးနှစ်ယောက်နဲ့ လုပ်ရတာ ခက်ခဲ ကျပ်တည်းတာပေါ့။ ဘေးကိုလည်း အကူအညီတောင်းရတာပေါ့။ လောလောဆယ် မိသားစု သားအမိ ၃ ယောက် အခက်အခဲ ကြုံနေရတာပေါ့။ အခု ကိုယ့်မှာ ဘာမှ အထောက်အထား မရှိတော့ဘူးဆိုတော့ ဘတ်ပြန်ရိုက်မယ်ဆိုတော့ ခက်ခဲသွားတာပေါ့”လို့ ပြောပါတယ်။
သူတို့ ၂ ယောက်အတွက် အောက်တိုဘာ ၁၀ ရက်က အာမခံ တင်ပြခဲ့ပေမဲ့ ပယ်ပချခံခဲ့ရပါတယ်။ ဘန်ခဲ IDC မှာ အချိန် ၇ လကျော်ကြာ ထိန်းသိမ်းခံထားရတာကြောင့် ကျန်းမာရေး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူ ကိုနိုင်နိုင်စိုးက “ဒီမှာ ကြုံရတဲ့ အခက်အခဲကတော့ ကျန်းမာရေးအတွက် အဆင်မပြေဘူး။ ယားနာတွေ ပေါက်တယ်။ တခြား အခက်အခဲကတော့ ဒီထဲမှာ ကြာနေတယ်။ အပြင် ထွက်ချင်တယ်။ ကျနော်တို့ကို အာမခံ မပေးတဲ့အတွက် စိတ်ညစ်နေတယ်။ စဉ်းစားရခက်နေတယ်။ မိသားစုဝင်တွေနဲ့တော့ အဆက်အသွယ် ရပါတယ်။ ပြန်လွှတ်ဖို့လည်း တောင်းဆိုချင်ပါတယ်။ သူတို့က ပြည်နှင်ဒဏ်ပေးတဲ့ အနေအထားဆိုတော့ တခြား တနေရာကို ဒီကနေ ထွက်ခွာခွင့်ပေးမယ့် အနေအထားဖြစ်မယ် ထင်တယ်။ ထိုင်းနိုင်ငံအတွင်းမှာ ဆက်ရှိနေမှာလားဆိုတာတော့ ကျနော်တို့ မသိရဘူး”လို့ ပြောပါတယ်။
ထိုင်း Immigration Detention Center ဟာ ထိုင်းလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ဖြစ်ပြီး၊ နိုင်ငံခြားသားတွေ ပြစ်ဒဏ် ကျခံပြီးနောက် မိခင် နေရပ်နိုင်ငံဆီ အသီးသီး ပြည်နှင်ဒဏ် ပေးတယ်လို့လည်း ဆိုပါတယ်။
IDC စင်တာမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းအာဏာပိုင်တွေက မြန်မာ စစ်တပ် အာဏာပိုင် လက်ထဲ တိုက်ရိုက် လွှဲပြောင်းတာတွေရှိတယ်လို့လည်း သိရပါတယ်။
ဇွဲသစ်


