
ကမ္ဘာ့နိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ တရုတ်နိုင်ငံနဲ့အတူ အဆိုးဆုံးအခြေအနေမှာ ရပ်တည်နေတယ်လို့ Human Rights Myanmar က ထုတ်ပြန်ပါတယ်။
ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ အင်တာနက် လွတ်လပ်ခွင့်အတွက် အညွှန်းကိန်း ၂၁ ခုကို တွက်ချက်ကြည့်ရမှာ မြန်မာက ၁၀၀ မှာ ၉ မှတ်ပဲရပြီး အဆိုးဆုံးဆိုတဲ့ အခြေအနေကို တရုတ်နဲ့အတူ ရပ်တည်နေတယ်လို့ လူ့အခွင့်စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Freedom House ရဲ့ Human Rights Myanmar က ထုတ်ပြန်ပါတယ်။
အစီရင်ခံစာအရ စစ်တပ်က Deep Packet Inspection (DPI) လို့ခေါ်တဲ့ အွန်လိုင်းကနေ ခြေရာခံ စောင့်ကြည့်နိုင်တဲ့ နည်းပညာကို တပ်ဆင်ပြီးတဲ့နောက်မှာ VPN တားမြစ်မှုကိုလည်း လုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံက “အခြေခံအွန်လိုင်းကန့်သတ်မှု” ကနေ မြင်သာတဲ့ (digital repression) အဆင့်မြင့်နည်းပညာကို အသုံးချပြီး လူအများကို ထိန်းချုပ်တဲ့ဆီကို ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အခုလို မြန်မာဟာ တရုတ်နဲ့ တတန်းတည်းရှိနေတာဟာ တရုတ်ပုံစံ အာဏာရှင်ဆန်လာတာလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့ရဲ့ ဒါရိုက်တာ Zee Pe က ပြောပါတယ်။
“မြန်မာကို တရုတ်နဲ့ တတန်းတည်းထား သတ်မှတ်တာဟာ မြန်မာဘက်က တရုတ်ပုံစံ ဖိနှိပ်မှုနဲ့ တူတူဖြစ်သွားပြီဆိုတာ အတည်ပြုသလိုပါပဲ။ အဓိပ္ပာယ်အားဖြင့် မြန်မာရဲ့ digital repression က တရုတ်ပုံစံ digital authoritari - anism (ဒီဂျစ်တယ်အာဏာရှင်စနစ်) တခု ဖြစ်သွားပြီလို့ ထင်ဟပ်လိုက်တာပါ။ မြန်မာရဲ့ အင်တာနက်လွတ်လပ်ခွင့် အခြေအနေဟာ နိုင်ငံတကာစံနှုန်းနဲ့ နှိုင်းယှဉ်ရင် ဆုံးရှုံးသွားပြီလို့ ယူဆရပါတယ်။ ဘေးကင်းလုံခြုံမှု မရှိတော့တဲ့ အန္တရာယ်အဆင့်ပါ။ ဒါဟာ documentation (အထောက်အထား)၊ journalism (သတင်းနဲ့ စာနယ်ဇင်း)၊ activism (တက်ကြွလှုပ်ရှားမှုတွေ) နဲ့ civic space (လူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နေရာ) တွေအတွက် ပိုမိုအန္တရာယ်များလာတဲ့ အချက်ကို ပြပါတယ်။ စစ်အုပ်စုရဲ့ Survival Strategy (ရှင်သန်ရေး နည်းဗျူဟာ) တခုအနေနဲ့ အင်တာနက်ထိန်းချုပ်မှုကို သုံးစွဲလာခြင်းဖြစ်တယ်။”
အင်တာနက် ပိတ်ဆို့လိုက်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လူထုလှုပ်ရှားမှုတွေကို ပိတ်ပင်တာဖြစ်သလို လူ့အခွင့်အရေးဆိုင်ရာ ပိတ်ပင်မှုတခုလည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြောင့် လူထုဟာ အွန်လိုင်းမှာ ကိုယ်တိုင်ထိန်းချုပ်နိုင်မှု (Online privacy) ဆုံးရှုံးတာ၊ Digital black zones လို့ခေါ်တဲ့ ဖုန်းလိုင်းမရ အင်တာနက်လိုင်း မရတဲ့ ဆက်သွယ်ရခက်တဲ့ နယ်မြေတွေ တိုးလာမှာဖြစ်ပြီး သတင်းစာလွတ်လပ်ခွင့်တွေပါ မရှိတော့တဲ့အဆင့်ထိ ရောက်လာနိုင်ကြာင်း အသံအဖွဲ့က ပြောပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က လုံခြုံရေးအရ စတားလင့်ခ်ဝိုင်ဖိုင် အသုံးပြုမှုတွေကို ကန့်သတ်ထိန်းချုပ်တာတွေ ရှိနေပါတယ်။
ချောင်းဦးမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသန့်က “စစ်ကောင်စီဘက်က မိုဘိုင်း အင်တာနက်တွေ ပိတ်ပြီးနောက်မှာ အခက်အခဲတွေက တော်လှန်ရေးအဖွဲ့အစည်းတွေမှ မဟုတ်ပါဘူး၊ ပြည်သူတွေရော ဒေသခံတွေရော အကုန်လုံး အခက်အခဲတွေ ရှိတယ်ဗျ။ အင်တာနက် အသုံးပြုမှုကို တချို့မြို့နယ်တွေမှာ စပြီး ကန့်သတ်နေပြီနော်။ ကျနော်တို့ ချောင်းဦးမြို့နယ်မှာတော့ ကန့်သတ်မှု မလုပ်ရသေးဘူး။ ရည်ရွယ်ချက်က စစ်ကောင်စီ သတင်းပေးကို တားဆီးချင်တဲ့ အနေအထားဗျ။ သူတို့က ကျနော်တို့ဘက်မှာက တော်ရုံ ဖုန်းလိုင်းမမိတဲ့ နေရာတွေများတယ်။ သတင်းပေးက အင်တာနက်နဲ့ပဲ ပေးရတယ်၊ အင်တာနက် ဆိုတာလည်း ဒီစတားလင့်ဆိုင်တွေပဲ အဓိက အသုံးပြုရတာကိုး။ ဒီစတားလင့်ခ်ဆိုင်တွေကပဲ ကန့်သတ်မှုတွေ ပြုလုပ်တာပါ။ ဒီစတားလင့်ခ်အသုံးပြုမှု ကန့်သတ်တာက အင်တာနက် အသုံးပြုမှုကို ကန့်သတ်တယ်လို့ မယူဆလိုပါဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က မြန်မာနိုင်ငံအတွင်း မြို့နယ် ၁၃၁ မြို့နယ်အထိ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခဲ့ပြီး လက်ရှိအချိန်ထိ လေးနှစ်ကျော်ကြာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ ၂၂ မြို့နယ် ရှိနေတယ်လို့ အသံအဖွဲ့ရဲ့ ဒေတာတွေအရ သိရပါတယ်။
ဝေဝေ


