
ဂျပန်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးအရ ဘယ်လိုပါဝင်ပတ်သက်မှုမျိုးကိုမဆို “ရန်စကျူးကျော်တဲ့လုပ်ရပ်” လို့ သတ်မှတ်မှာဖြစ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
ဒါဟာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဂျပန်ရဲ့ ရှင်ကျန်မှုအပေါ် ခြိမ်းခြောက်တဲ့ အခြေအနေတရပ်အဖြစ် ရှုမြင်ရင် ထိုင်ဝမ်ရေလက်ကြားမှာ စစ်အင်အားသုံးနိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်က လွှတ်တော်မှာ ပြောကြားခဲ့တာအပေါ် တရုတ်က တုံ့ပြန်လိုက်တာပါ။
ဂျပန်ရဲ့ ၂၀၁၅ လုံခြုံရေးဥပဒေအရ “ရှင်ကျန်မှုကို ခြိမ်းခြောက်ခံရတဲ့ အခြေအနေ” ဆိုတာဟာ မဟာမိတ်တနိုင်ငံ တိုက်ခိုက်ခံရတာဟာ ဂျပန်အတွက်ပါ ခြိမ်းခြောက်မှုဖြစ်လာရင် ကာကွယ်ရေးတပ်ဖွဲ့တွေကို အသုံးပြုခွင့်ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
မစ္စ တာကာအိချိက ဒါဟာ အနုမာန မှန်းဆချက်သာ ဖြစ်တယ်လို့ နောက်ပိုင်းမှာ ရှင်းလင်းခဲ့ပေမဲ့ သူ့ရဲ့စကားကိုတော့ ပြန်ရုပ်သိမ်းဖို့ ငြင်းဆန်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန်းက ဂျပန်ဟာ ဒီရန်လိုတဲ့မှတ်ချက်ကို ချက်ချင်း ပြန်ရုပ်သိမ်းရမယ်လို့ တောင်းဆိုခဲ့ပါတယ်။
ဂျပန်ဟာ အတိတ်ကလည်း “ရှင်ကျန်မှုအကျပ်အတည်း” ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ကို ကျူးကျော်ခဲ့တဲ့ စစ်သမိုင်း ရှိခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။
ထိုင်ဝမ်အရေးမှာ မီးနဲ့မကစားဖို့၊ မီးနဲ့ကစားသူတွေဟာ မီးလောင်ကျွမ်းခံရလိမ့်မယ်လို့လည်း လင်ကျန်းက ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကို ပြည်မကြီးရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံး ပေါင်းစည်းမယ်လို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။
အမေရိကန်နဲ့ ဂျပန်တို့က ထိုင်ဝမ်ကို သီးခြားနိုင်ငံအဖြစ် တရားဝင် အသိအမှတ်မပြုပေမဲ့ အမေရိကန်က တရုတ်ရဲ့ အင်အားသုံးသိမ်းပိုက်မှုကို ဆန့်ကျင်ပြီး ထိုင်ဝမ်ကို လက်နက်တွေ ထောက်ပံ့ပေးနေပါတယ်။
ဖော်မိုဆာကျွန်းလို့ ခေါ်ဝေါ်ခဲ့တဲ့ ထိုင်ဝမ်ကျွန်းကို ဂျပန်က ၁၈၉၅ ကနေ ၁၉၄၅ အထိ သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


