Home
နိုင်ငံတကာ
ကျားဖြန့်‌ခေါင်းဆောင် ရှီကျိကျန်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်
DVB
·
November 12, 2025
Photo: Reuters

ထိုင်းနိုင်ငံ ဘန်ကောက်မှာ အွန်လိုင်းလောင်းကစားမှုနဲ့ အကျဉ်းကျခံနေရတဲ့ ရွှေကုက္ကိုလ်မြို့သစ် ထူထောင်သူ အွန်လိုင်းလိမ်လည်မှုကျားဖြန့် အဓိကခေါင်းဆောင်၊ Yatai International Holdings Group ဥက္ကဋ္ဌ ရှီကျိကျန်း (She Zhijiang) ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာ တရုတ်အာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ CIB ဗဟိုရဲတပ်ဖွဲ့၊ နည်းပညာဆိုင်ရာ-ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနဲ့ တရုတ်နိုင်ငံဆိုင်ရာသံရုံးက တာဝန်ရှိသူတွေဟာ ရှီကျိကျန်းကို သုဝဏ္ဏဘုမိလေဆိပ်ကို ခေါ်ဆောင်လာပြီး လေဆိပ်မှာ အသင့်စောင့်ဆိုင်းနေတဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ လက်ထဲကို ဒီကနေ့ မွန်းလွဲ ၂ နာရီကျော်မှာ လွှဲပြောင်းပေးခဲ့တာပါ။

တရုတ်နိုင်ငံက အလိုရှိနေသူကို အခုလို လွှဲပြောင်းပေးအပ်တဲ့အတွက် တရုတ်သံရုံး နိုင်ငံရေးအတိုင်ပင်ခံ မစ္စတာ ကျောက်မင်ထောင်းက ထိုင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ရှီကျိကျန်းအား ပီကင်းနိုင်ငံတကာလေဆိပ်ကို တိုက်ရိုက်ခေါ် ဆောင်သွားတယ်လို့ ဆိုပါတယ်။

ရှီကျိကျန်းကို ခုလို လွှဲပြောင်းပေးအပ်တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ဗဟိုတရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်အရ ဆောင်ရွက်တာလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ကျီရာဖုပ် ဖူရီးဒေချ်က ပြောပါတယ်။

သူ့ကို လွှဲပြောင်းပေးဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့တယ်၊ တရားရုံးက အမှုကို ပြန်လည်သုံးသပ်ပြီး ဒီအမှုဟာ ၂၀၀၈ ခုနှစ် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူ လွှဲပြောင်းပေးအပ်ခြင်း အက်ဥပဒေနဲ့ ကိုက်ညီတယ်၊ လူ့အခွင့်အရေး ဒါမှမဟုတ် နိုင်ငံရေးဆိုင်ရာ ချိုးဖောက်မှုမဟုတ်၊ ရဲတပ်ဖွဲ့က  လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခဲ့ပြီး တရားခံကို ဘန်‌ကောက် ဗဟိုအကျဉ်းထောင်ကနေ လုံခြုံရေးအပြည့်နဲ့ တရုတ်အရာရှိတွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်၊ သူကျူးလွန်ခဲ့တဲ့ အမှုတွေကို တရုတ်နိုင်ငံတရားရုံးက စီရင်ဆုံးဖြတ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ရှီကျိကျန်းကို တရုတ်နိုင်ငံသားတွေ ဘတ်သန်းပေါင်း ၅,၀၀၀ ထိ ဆုံးရှုံးအောင် လိမ်လည်မှုနဲ့ အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့က ၂၀၂၁ ခု မေ ၂၁ ရက်က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

လက်ရှိ အသက် ၄၃ နှစ်အရွယ် ရှီကျိကျန်းဟာ အရှေ့တောင်အာရှမှာ အွန်လိုင်းလောင်းကစားဒိုင်ပေါင်း ၂၃၉ နေရာကို ကြိုးကိုင်နေသူဖြစ်တယ်၊ အဲဒီလောင်းကစားမှုကရတဲ့ ဝင်ငွေတွေမှာ တရုတ်ယွမ်ငွေ သန်းပေါင်း ၂၇၇၅ သန်း (ထိုင်းဘတ်ငွေ သန်းပေါင်း  ၁၂ ဒသမ ၆၃ သန်း) ရှိတယ်။ ဒါ့အပြင် အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အဓမ္မလုပ်အားခိုင်းစေမှုတွေနဲ့ ပြည့်နေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီခရိုင်ရှိ ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်ကြီးကို ထူထောင်ခဲ့သူလည်း ဖြစ်တယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။

ရှီကျိကျန်းကတော့ သူဟာ အရင်က တရုတ်နိုင်ငံရဲ့ သူလျှိုဖြစ်ခဲ့ပေမဲ့ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တချို့ ပေါက်ကြားမှုမှာ ပါဝင်ပတ်သက်တယ်လို့ တရုတ်အစိုးရက စွပ်စွဲထားတယ်။ တရုတ်ပြည်ရောက်သွားရင် သေဒဏ် အပြစ်ပေးခံရနိုင်တာကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားတဲ့ သူ့ကို တရုတ်နိုင်ငံမပို့ဘဲ ကမ္ဘောဒီးယားအစိုးရထံသာ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

သူ့ရဲ့ရှေ့နေတွေကလည်း ဗဟိုတရားရုံးကို အယူခံလျှောက်ထားပေမဲ့ ဗဟိုတရားရုံးကတော့ ရက်ပေါင်း ၉၀  အတွင်း  တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းဖို့ စီရင်ဆုံးဖြတ်ခဲ့ပါတယ်။

Source: Thai PBS / MGROnline

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013