
တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ် အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းဟာ နိုဝင်ဘာ ၁၄ ရက် ဒီကနေ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံမှုအတွင်းမှာ တရုတ်-ထိုင်း မီးရထားလမ်းလို အဓိကစီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင်လုပ်ဖို့နဲ့ ထိုင်းနိုင်ငံက အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်တွေ တင်သွင်းမှု တိုးချဲ့သွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV က ဖော်ပြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဇနီးတို့ဟာ ထိုင်းဘုရင်ကို ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတော်အခမ်းအနားနဲ့ ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ပါတယ်။
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းဟာ နန်းတက်ပြီး ၉ နှစ်အတွင်း ပထမဆုံး နိုင်ငံတော်အဆင့် ပြည်ပအလည်အပတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။
ထိုင်းနဲ့ တရုတ်နိုင်ငံတို့ဟာ ၁၉၇၅ ခုနှစ်က စတင်ကာ သံတမန်ဆက်ဆံရေး စတင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၅၀ ပြည့် နှစ်ပတ်လည်နေ့အဖြစ် ထိုင်းဘုရင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းဘုရင်ရဲ့ တရုတ်အလည်အပတ်ခရီးစဉ်ဟာ ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန်နားလည်မှုတွေ ပိုပြီး နက်ရှိုင်းစေတယ်လို့ ထိုင်းအစိုးရအဖွဲ့က ကြေညာချက်မှာ ဖော်ပြပါတယ်။
ထိုင်းဘုရင်နဲ့ မိဖုရားတို့ဟာ ဗုဒ္ဓဆွယ်တော်ရှိတဲ့ ပေကျင်းမြို့ လင်ကွမ်းဘုရားကျောင်းနဲ့ ပေကျင်း အာကာသမြို့တို့ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
ကမ္ဘာစစ်ပြီးတဲ့အချိန်ကတည်းက တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ဆက်ဆံရေးက ပိုပြီး ခိုင်မာလာကာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အားကောင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ ခရီးသွားကဏ္ဍရဲ့ အဓိက ခရီးသွားတွေဖြစ်ပြီး ကားလုပ်ငန်းတွေမှာလည်း အဓိက ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံဟာ တရုတ်ကုန်ပစ္စည်း ဒေါ်လာ သန်း ၈၀ ဖိုး ဝယ်ယူခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ၁၉၇၅ ခုနှစ်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း ထိုင်းဘုရင်တပါးရဲ့ ပထမဆုံး နိုင်ငံတော်ခရီးစဉ်ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
Source: Reuters


