တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးနေတာနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကို ဖိအားပေးနေတာတွေတွေကို ရပ်တန့်ဖို့ အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ဒေသစံတော်ချိန် နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင် တန်ဒီစီရှိ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြ တာပါ။
ဒါ့အပြင် ထိန်းချုပ်နယ်မြေတွေနဲ့ မြို့တွေကို ပြန်လက်လွှတ်ဖို့ တော်လှန်ရေးအင်အားစုတွေအပေါ် ဖိအားပေးနေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အဓိကသတင်းစကားပေးခဲ့ကြပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးရင်အေးက “အကြမ်းဖက်စစ်အုပ်စုကို တရားဝင်မှု ရဖို့အတွက် တရုတ်က အကြီးအကျယ် ကြိုးစားနေတာတွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ပြည်သူလူထုအနေနဲ့ လုံးဝလက်မခံနိုင်ဘူး။ သူ့ကိုတရားဝင်ဖို့ လုပ်ပေးတယ်ဆိုတဲ့ လုပ်ရပ်ဟာ ပြည်သူလူထုကိုထပ်ပြီး သတ်ဖို့အတွက် ခွင့်ပြုသလိုဖြစ်နေတယ်ဆိုတဲ့ သတင်းစကား တရုတ်ကို လာပေးတာဖြစ်တယ်။ ဒါ့အပြင်ကို ကျနော်တို့ရဲ့ PDF တွေ၊ တိုင်းရင်းသားတွေရဲ့ အသက်တွေ အများကြီးရင်းပြီး တိုက်ယူထားတဲ့ဒေသတွေ၊ တရုတ်က ဖိအားပေးပြီးတော့ စစ်ကောင်စီလက်ထဲ ပြန်ပေးဖို့ ပြောနေတဲ့ကိစ္စ။ TNLA ကိုလည်း ဖိအားပေးပြီးတော့ မိုးကုတ်ပြန်ပေးဖို့ ပြောနေတယ်။ ဒီကိစ္စဟာ တကယ်တမ်းပြောရင် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ မိုးကုတ်ကို အစွမ်းကုန် ကာကွယ်ဖို့အတွက် စစ်မြေပြင်ကို သွားပြီးတော့ ခုခံကာကွယ်ဖို့ လုပ်နေကြပြီဆိုတဲ့ အနေအထားတွေ။ ဒီသတင်းစကားကို ကျနော်တို့ တရုတ်ကိုပေးတာဖြစ်တယ်။ အင်အားကြီး နိုင်ငံတခုအနေနဲ့ ဖိအားပေးနေပေမဲ့လည်း တတိုင်းတပြည်လုံးမှာ တော်လှန်နေကြတဲ့ ကျနော်တို့ ပြည်သူတွေကို ဖိအားပေးလို့မရဘူးဆိုတာ သက်သေပြရမယ့်ပွဲဟာ မိုးကုတ်ပွဲပဲဖြစ်တယ်”လို့ ပြောပါတယ်။
၂၀၂၁ စစ်အာဏာစသိမ်းတုန်းက တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်ပြောဆိုတာ တစုံတရာမ ရှိခဲ့ဘဲ လက်နက်ကိုင်တော်လှန်ရေးဖြစ်ပေါ်ပြီးနောက် ပြည်သူတွေဘက်က အသာစီးရချိန်မှ စစ်ကောင်စီဘက်ကနေ ပေါ်ပေါ်တင်တင်ရပ်တည်လာတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာပါဝင်သူ မလေးဖြူဖြူက “ဒီဇင်ဘာမှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့နဲ့ ဖမ်းဆီးထားတဲ့ အမေဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးဖို့ တောင်းဆိုတာ” လို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာပါဝင်သူ ကိုသားကောင်းက “အတုအယောင်ရွေးကောက်ပွဲကို တရုတ်အနေနဲ့ မထောက်ပံ့ဖို့၊ မြန်မာ့အရေးမှာ မင်းအောင်လှိုင်ကို တရုတ်အနေနဲ့ မထောက်ခံဖို့အတွက်ကို ကျနော်တို့ လာရောက်တောင်းဆိုတာ” လို့ ပြောပါတယ်။
အစိုးရတရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာရေးအတွက် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲပြုလုပ်ပြီး နိုင်ငံရေးထွက်ပေါက်ရှာနေသလို ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် မြေပြင်မှာလည်း ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီ မပြောင်းလဲမချင်း ကျနော်တို့ဆက်ပြီးတော့ တိုက်တွန်းမယ်၊ တောင်းဆိုမယ်၊ ပြည်တွင်းကရှိတဲ့ တော်လှန် ညီအစ်ကိုအားလုံးလည်း အားမလျှော့ပါနဲ့။ ကျနော်တို့ ပြည်ပက ညီအစ်ကိုတွေအားလုံး အစဉ်အမြဲထောက်ခံပံ့ပိုးပေးနေမယ်။ စိတ်ဓာတ်ခွန်အားရော၊ ငွေရေးကြေးရေးရော၊ လိုအပ်ရင် အမေရိကန်အစိုးရ၊ တရုတ်အစိုးရကို ကျနော်တို့ ဖိအားပေးနေပါမယ်” လို့ ပြောပါတယ်။
နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အစိုးရတရပ်ဖြစ်လာရေးအတွက် စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရနဲ့အပြိုင် နိုင်ငံတကာသံတမန်ရေးရာ စာမျက်နှာမှာလည်း နည်းလမ်းစုံသုံးပြီး အသာစီးယူဖို့ ကြိုးစားနေတာပါ။
စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံဖို့ ဒေသတွင်းအာဆီယံနိုင်ငံတွေအပေါ်မှာပါ တရုတ်အစိုးရက ဖိအားပေးတာတွေရှိနေပေမဲ့ စစ်အာဏာသိမ်း ၅ နှစ်နီးပါးကြာလာချိန်အထိ သံတမန်ရေးရာ စာမျက်နှာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသာစီးယူထား ဆဲဖြစ်ပါတယ်။
သုတချမ်းသာ




















