Home
နိုင်ငံတကာ
ဂျပန်တွင် အဆောက်အအုံ ၁၇၀ ကျော် မီးလောင်ပြီး ဒေသခံ ၂၀၀ နီးပါး ရှောင်တိမ်းနေရ
DVB
·
November 20, 2025
Photo: NNN / JAPAN

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာမြို့ရှိ ဆာဂါနိုဆဲ့ကီ ရပ်ကွက်မှာ အဆောက်အအုံ ၁၇၀ ကျော် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ညလုံးပေါက် ဆက်လက်လောင်ကျွမ်းနေရာမှာ ဒေသခံ ၂၀၀ နီးပါး အရေးပေါ်ခိုလှုံရာနေရာကို ထွက်ပြေးခဲ့ကြရကြောင်း မီးသတ်နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက  နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

လူတယောက် ပျောက်ဆုံးနေကြောင်း သတင်းတွေထွက်ပေါ်အပြီးမှာ အဲဒီသူဟာ သေဆုံးသွားပြီလို့ ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသခံမီဒီယာတွေက ထုတ်ပြန်ပါတယ်။

တိုကျိုမြို့ရဲ့ အနောက်တောင်ဘက် ၇၇၀ ကီလိုမီတာအကွာရှိ အိုအီတာမြို့က ဆာဂါနိုဆဲ့ကီ ရပ်ကွက်မှာ နိုဝင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၄၀ မိနစ်လောက်မှာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့တာပါ။

မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ မီးသတ်ကား ဒါဇင်ပေါင်းများစွာနဲ့ မီးသတ်သမား ၂၀၀ ကျော်ကို စေလွှတ်ခဲ့ပြီး ဒေသစံတော်ချိန် မနက် ၁၁ နာရီ (GMT ၀၂၀၀) အချိန်အထိ နာရီ ၂၀ နီးပါး ကြာနေတာတောင် မီးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

ဖြစ်နိုင်ခြေရှိတဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းရိုးတန်းမှ ၁ ကီလိုမီတာကျော် အကွာရှိ အနီးနားရှိ သစ်တောတွေ၊ တောင်စောင်းတွေနဲ့ လူမနေတဲ့ ကျွန်းဆီကိုလည်း မီးလောင်ကျွမ်းမှုတွေ ပျံ့နှံ့သွားခဲ့ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

စစ်ဘက်နဲ့ မီးသတ် ရဟတ်ယာဉ်တွေဟာ ရာစုနှစ်ဝက်နီးပါးအတွင်း နိုင်ငံရဲ့ အကြီးမားဆုံး မြို့ပြမီးလောင်မှုကို ငြှိမ်းသတ်ဖို့ ကြိုးပမ်းနေကြပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

အစိုးရဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အမြင့်ဆုံး ပံ့ပိုးမှုပေးမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက X ပို့စ်တခုမှာ ရေးသားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013